နေပြည်တော် ၂ အောက်တိုဘာ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၃) ကျောင်းသား၊ ကျောင်းသူများ သြဝါဒခံယူပွဲအခမ်းအနားသို့ တက်ရောက် သြဝါဒအမှာစကားပြောကြားသည်။
သြဝါဒခံယူပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဦးအုန်းမောင်၊ နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးဝင်းမော်ထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၃)မှ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သြဝါဒအမှာစကား ပြောကြားသည်။ (နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ သြဝါဒအမှာစကားကို မိန့်ခွန်းကဏ္ဍတွင် သီးခြားဖော်ပြထားပါသည်။)
ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၃)မှ ကျောင်းသား ကျောင်းသူများကိုယ်စား ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ပိုးကရင်တိုင်းရင်းသူ မနန်းယဉ်ယဉ်ထွေးက ဂါရဝပြု ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများက လေ့လာရေးခရီးစဉ် အမှတ်တရ ဂါရဝပြုလက်ဆောင်ကို ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၃)မှ ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၃)မှကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
သတင်းစဉ်


