တနင်္သာရီ ၂ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း မြစ်ရေကြီမှုများ ဖြစ်ပွားခဲ့ရာ ကျေးရွာအုပ်စု (၁၆) အုပ်စု၏ ကွင်းပေါင်း (၉၅) ကွင်းမှ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် (၂၆၇၆) ဧကအတွက် တောင်သူ (၇၆၁) ဦးတို့အား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁ဝ နာရီခွဲက အရှေ့မော်တုန်းကျေးရွာအုပ်စု၊ အနောက်စုကျေးရွာရှိ ဒေါ်တင်သန်းနေအိမ်တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းရီနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်တို့က ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ကျေးရွာအသီးသီးမှ တောင်သူများထံ တစ်ဧကလျှင် မျိုးစပါး (တစ်) တင်းနှုန်းဖြင့် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
တနင်္သာရီမြို့နယ်အတွင်း ၂ဝ၁၉ ခုနှစ် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော မိုးစပါးဧက (၂၆၇၆) ဧကအတွက် တစ်ဧကလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ပြည်ထောင်စု အမျိုးသားသဘာဝဘေးရန်ပုံငွေမှ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ထောက်ပံ့ငွေကျပ် (၂၆၇ သိန်းနှင့် ၆ သောင်း) ကို ပေးပို့ခဲ့ရာ ၎င်းငွေနှင့် ညီမျှသော (ထိုင်းနှံကောက်) ရက် (၉ဝ) သက်လျင်မျိုးစပါးများကို တနင်္သာရီမြို့နယ်သို့ (ပထမ) အကြိမ်အဖြစ် ဧက (၁၂၅ဝ) အတွက် မျိုးစပါးတင်း (၁၂၅ဝ) တင်းအား လွှဲပြောင်းပေးပို့လာခြင်း ဖြစ်သည်။
ကျန်ရှိသည့် ပျက်စီးမိုးစပါးဧက (၁၂၄၆) ဧကအတွက်လည်း ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်ထံမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)


