နေပြည်တော် ၂ အောက်တိုဘာ
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံ (မြဝတီ)နှင့် ထိုင်းနိုင်ငံ (မဲဆောက်)တို့ကို ဆက်သွယ်သည့် မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ် (၂) တံတားစီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှုနှင့် အသုံးပြုမှုတို့အတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့အကြား ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ မြန်မာ - ထိုင်း နှစ်နိုင်ငံ ဆက်သွယ်ရေးသာမက ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့နှင့် မြန်မာနိုင်ငံ မော်လမြိုင်မြို့တို့ ဖြတ်သန်းဆက်သွယ်သော အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်း (East – West Economic Corridor) ပေါ်တွင် တည်ရှိ၍ ဒေသတွင်း နိုင်ငံများ၏ ကုန်သွယ်စီးပွားရေးများကို အများကြီးအကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး Mr.Saksayam Chidchob က အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး Mr. Saksayam Chidchob တို့က မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ် (၂) တံတားစီမံခန့်ခွဲမှုထိန်းသိမ်းမှုနှင့် အသုံးပြုမှုတို့အတွက် သဘောတူညီချက် လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြသည်။
သတင်းစဉ်


