နေပြည်တော် ၂ အောက်တိုဘာ
နှလုံးနှင့် နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ် ကုသမှုလုပ်ငန်းဆိုင်ရာ ဗဟိုအဆင့် ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နှလုံးနှင့်နှလုံးသွေးကြော ရောဂါများ ဖြစ်ပွားမှုလျော့နည်းကျဆင်းစေရန်၊ ရောဂါဖြစ်ပွားသူများကို စနစ်တကျကုသမှုခံယူနိုင်စေရန်နှင့် ရောဂါဖြစ်ပွားသူများပုံမှန် လူနေမှုဘဝကိုရရှိ၍ သွားလာလှုပ်ရှားမှုများ ပြုလုပ်နိုင်ရန်အတွက် ယခုသင်တန်းအပါအဝင် နှလုံးနှင့် နှလုံးသွေးကြောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ကုသမှု လုပ်ငန်းများသည် ဝန်ကြီးဌာနသာမက လူတိုင်းအတွက် အရေးကြီးပါကြောင်း၊ နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ် ကုသမှုလုပ်ငန်းများကို အမျိုးသားအဆင့် ဆောင်ရွက်ရာတွင် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ လမ်းညွှန်စာအုပ်များ ပြုစုခြင်းတို့ကို စနစ်တကျဆောင်ရွက်ခဲ့ပြီး ယခုဗဟိုအဆင့်ဆရာဖြစ်သင်တန်း ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (မြန်မာ)မှ Technical Lead Professor Anil Krishna က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
အဆိုပါ သင်တန်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးတက္ကသိုလ် (၁)၊ နှလုံးဆေးကုဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာနွယ်နွယ်နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ဆေးတက္ကသိုလ်(၂)၊ ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါကုဌာနမှ ပါမောက္ခ/ ဌာနမှူးပါမောက္ခဒေါက်တာ ကိုကိုတို့က နှလုံးနှင့် နှလုံးသွေးကြောရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးလေးဖက်နာရောဂါ စသည့် နှလုံးနှင့် နှလုံးသွေးကြောရောဂါများနှင့် ဆက်စပ်ရောဂါများနှင့် ပတ်သက်သည့် ရောဂါကာကွယ်မှု၊ ကုသမှု၊ ညွှန်းပို့ကုသမှုလမ်းညွှန်များကို ဆွေးနွေးတင်ပြသည်။
သတင်းစဉ်


