နေပြည်တော် ၂ အောက်တိုဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs. Suphatra Srimaitreephithak နှင့်အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကယား၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်များနှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာပြန့်ပွားရေး စင်တာများဆောင်ရွက်ရန်ကိစ္စ၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ဓာတုဓါတ်ကြွင်းနည်းသည့် မြေသြဇာများ သုံးစွဲနိုင်ရန်နှင့်  သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးကိစ္စ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စိုက်ပျိုးသီးနှံဧရိယာအလိုက် စိုက်ပျိုးရေးဆိုင်ရာ အာမခံလုပ်ငန်းများနှင့် အသေးစားငွေချေး လုပ်ငန်းဆောင်ရွက်နေမှုများတွင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စ၊ စိုက်ပျိုးရေးသွင်းအားစုဆိုင်ရာ အဓိကလိုအပ်ချက်ဖြစ်သည့် မျိုးစေ့ထုတ်လုပ်ခြင်း၊ သွင်းအားစုထုတ်လုပ်ခြင်း၊ ရေအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ဆည်မြောင်းတာတမံနည်းပညာဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဂျပန်ပြင်ပကုန်သွယ်ရေးအဖွဲ့အစည်း (Japan External Trade Organizagion- JETRO) မှ မန်နေဂျင်းဒါရိုက်တာ Mr. Kazufumi TANAKA နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး ကဏ္ဍများတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီများ လာရောက်ရင်းနှီးမြုပ်နှံနိုင်ရေးဆိုင်ရာကိစ္စ ဂျပန်နိုင်ငံ နိုဘယ်ကုမ္ပဏီ၏ နို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်း ဖွံ့ဖြိုးရေးစီမံကိန်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံမှုနှင့်အတူ ပြည်တွင်းပြည်ပ ဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရေး၊ နို့နှင့် နို့ထွက်ပစ္စည်းများအား ဒေသတွင်း လိုက်လျောညီထွေမှုရှိစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံ၏ ၂၀၁၈ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းအရ လက်ရှိအခြေအနေနှင့် ရေရှည်တည်တံ့သော မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုလာရေး ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပြည်ပရင်းနှီးမြုပ်နှံမှုနှင့် မြေယာအသုံးချမှုများအတွက် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်မည့် အလားအလာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

သတင်းစဉ်