ရန်ကုန် ၂ အောက်တိုဘာ
Myanmar Film Festival 2019 ကို အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် အောက်တိုဘာ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲတော်တွင် မြန်မာနိုင်ငံမှ “ဥပါဒါန်”နှင့် “မနောမြေမှကျောက်စိမ်းကမ္ဘာ” ရုပ်ရှင်ဇာတ်ကားများ ပါဝင်ပြသကြမည်ဖြစ်သည်။
အဆိုပါ ရုပ်ရှင်ပွဲတော်ကို အိန္ဒိယနိုင်ငံရှိ The Madras Film Society နှင့် ချန်နိုင်းမြို့ရှိ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး The Madras Film Society သည် လူမှုရေးရာတွင် တက်ကြွစွာဆောင်ရွက်သူ လွှတ်တော်အမတ်ဟောင်း Mrs. Ammu Swaminathan က ဦးဆောင်ကာ ၁၉၅၇ ခုနှစ်တွင် တည်ထောင်ခဲ့သော အိန္ဒိယနိုင်ငံ၏ ရှေးအကျဆုံးရုပ်ရှင်အဖွဲ့အစည်း ဖြစ်သည်။
ယင်းပွဲတော်သည် နိုင်ငံခြားရုပ်ရှင်ကားများပြသမှုကို အားပေးပြီး ဂျပန်၊ ထိုင်း၊ ကိုရီးယားနှင့် ရုရှား ရုပ်ရှင်ဇာတ်ကားများကိုလည်း ပြသခဲ့ကြောင်း၊ ယခုအခါမြန်မာနိုင်ငံတွင် ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်မှုများ ပြားလာသကဲ့သို့ အရည်အသွေးကောင်းမွန်သည့် ဇာတ်ကားများ ပါဝင်လာသဖြင့် မြန်မာရုပ်ရှင်ဇာတ်ကားများကို ပါဝင်ပြသရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စွာ(FDC)


