ရန်ကုန် ၂ အောက်တိုဘာ

 

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ရှိ ပဲခူးဆောင်၌ ဆက်လက်ရိုက်ကူးလျက်ရှိကြောင်း အဆိုပါရုပ်ရှင်ဇာတ်ကား၏ ဒါရိုက်တာ အကယ်ဒမီ ဦးလူမင်းက ပြောသည်။

 

ဒါရိုက်တာ ဦးလူမင်းက “ဒီနေ့ကတော့ “အောင်ဆန်း” ရုပ်ရှင်ရဲ့ ဒုတိယနေ့မြောက်ရိုက်ကွင်းပါ။ ဗိုလ်ချုပ်နေခဲ့တဲ့ ပဲခူးဆောင် ထမင်းစားခန်းမထဲမှာ ဗိုလ်ချုပ်နဲ့ သူငယ်ချင်း ကိုညိုမြတို့ စကားပြောတဲ့ အခန်းကို ရိုက်နေတာပါ။ ရိုက်ကွင်းကတော့ ဒီနေ့အထိ အဆင်ပြေပါတယ်။ လိုအပ်ချက် ကလေးတွေကိုလည်း ဖြည့်ဆည်းရင်းနဲ့ လုပ်သွားပါတယ်။ ရှေ့ဆက်ပြီးတော့လည်း မျှော်မှန်းထားတဲ့အတိုင်း ပြီးစီးအောင်၊ ကောင်းမွန်အောင် အဖက်ဖက်ကအားလုံးဝိုင်းဝန်းပြီး လုပ်ဆောင်နေပါတယ်”ဟုပြောသည်။

 

အဆိုပါရုပ်ရှင် ဇာတ်ကားကို စက်တင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ အမျိုးသားပြတိုက်၌ စတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ရိုက်ကွင်း ဒုတိယမြောက်နေ့အဖြစ် ရန်ကုန်တက္ကသိုလ်ရှိ ပဲခူးဆောင်၌ အဓိကသရုပ်ဆောင် ကျော်ကျော်မျိုးနှင့်အတူ ဇာတ်ပို့၊ ဇာတ်ရံများပါဝင်ကာ ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝက ပဲခူးဆောင်၌ နေထိုင်ခဲ့သည့်အကြောင်း ဇာတ်ဝင်ခန်းတချို့ကို ရိုက်ကူးနေခြင်းဖြစ်သည်။

ရိုက်ကွင်းနှင့်ပတ်သက်၍ ဒါရိုက်တာ ဦးလူမင်းက “ကျော်ကျော်မျိုး အနေနဲ့ ဒီနေ့ကတော့ ပထမဆုံး ရိုက်ရတဲ့ သူ့ရဲ့ဇာတ်ဝင်ခန်းပါ။ သူကတော့ဗိုလ်ချုပ်ရဲ့စိတ်၊ ပြောဆိုတဲ့လေယူ လေသိမ်းနဲ့ ရိုက်ကွင်းရဲ့ ဒိုင်ယာလော့တွေ အားလုံးကို ရပြီးသားဖြစ်နေတော့ အခက်အခဲမရှိပါဘူး။ သူ့ကို ကျွန်တော်တို့ အများကြီး သင်ကြားပေးထားပါတယ်။ ဇာတ်ကားထွက်ရင်သိရမှာပါ”ဟု ပြောသည်။

 

ဆက်လက်၍ ၎င်းက “ရိုက်ကွင်းအစီအစဉ်ကတော့ အဖက်ဖက်ကချင့်ချိန်ပြီး လုပ်ရတာပါ။ အားလုံးအဆင်ပြေမယ့် နေရာတွေ၊ အဓိကကတော့ အဓိက သရုပ်ဆောင်ဖြစ်တဲ့ ကျော်ကျော်မျိုးရဲ့ ဆံပင်ကို ရဲဘော်သုံးကျိပ်စတဲ့ စစ်သားဘဝတွေမရိုက်ခင်မှာ တက္ကသိုလ်ကျောင်းသားဘဝ ဆံပင်နဲ့ အခန်းတွေကိုစရိုက်တာပါ။ နောက်ပိုင်းဆိုရင်တော့ သူ့ရဲ့ဆံပင်တွေကိုညှပ်ရမှာပါ။ သူ့ရဲ့ဆံပင်ကို အဓိကထားပြီးတော့ ရိုက်ကွင်းအစီစဉ်တွေကို ကြိုတင်ပြီးရေးဆွဲရတာဖြစ်ပါတယ်”ဟု ပြောသည်။

 

ရန်ကုန်တက္ကသိုလ်၌ ရိုက်ကူးရာတွင် ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသား ဘဝက ပဲခူးဆောင်၌နေထိုင်ခဲ့သည့် အကြောင်းများနှင့် ထိုခေတ်အခါက ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အခြေအနေ အကြောင်းအရာများကို ရိုက်ကူးသွားမည်ဖြစ်ပြီး ယင်းနေရာတွင် ရိုက်ကူးမှု ပြီးစီးသွားပါက လွတ်လပ်ရေး ဆုံးရှုံးခဲ့စဉ်အချိန် ခေတ်ကာလ အပိုင်းအနည်းငယ်ကို မန္တလေး၊ အင်းဝဘက်တွင်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝကို ရေနံချောင်းနှင့် နက်မောက်ဘက်တွင်လည်းကောင်း ဆက်လက်ရိုက်ကူးသွားမည်ဖြစ်သည်။

 

ယင်းရုပ်ရှင်ဇာတ်ကားကို ငါးလတာအချိန် အတွင်းရိုက်ကူးပြီးစီးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးမြောက်စေရေးတို့အတွက် ကြိုးစားရိုက်ကူးလျက်ရှိကြောင်း ဒါရိုက်တာ ဦးလူမင်းက ဆိုသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်