မန္တလေး ၂ အောက်တိုဘာ
အိန္ဒိယနိုင်ငံ လူထုတိုက်ပွဲတွင် အကြမ်းမဖက်သော နည်းလမ်းများဖြင့် လှုပ်ရှားခဲ့သော လူထုခေါင်းဆောင် မဟတ္တမဂန္ဒီ၏ နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်အဖြစ် မဟတ္တမဂန္ဒီ ရုပ်ပုံပါ (၁၀ဝ)ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းနှင့် အထိမ်းအမှတ် စာအိတ်ထုတ်ဝေခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်ရှိ စာတိုက်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်နှင့် မြန်မာ့စာတိုက်လုပ်ငန်း ဒုတိယ အထွေထွေ မန်နေဂျာတို့က မဟတ္တမဂန္ဒီ၏ ဓာတ်ပုံအား ဂုဏ်ပြုပန်းကုံးစွပ်ပေးကာ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် တံဆိပ်ခေါင်းစု ဝါသနာရှင်များက မဟတ္တမဂန္ဒီပုံပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းနှင့် စာအိတ်တို့ကို ဝယ်ယူကြပြီး အထိမ်းအမှတ်တံဆိပ် ရိုက်နှိပ်ကြသည်။
“တံဆိပ်ခေါင်းစုခြင်းကို မိမိကျောင်းသားဘဝမှစ၍ တံဆိပ်ခေါင်း ဝယ်ယူစုဆောင်းခဲ့ပြီး ကျောင်းက ဆရာတွေကလည်း တံဆိပ်ခေါင်းဝယ်စုဖို့ တိုက်တွန်းခဲ့သဖြင့် စုဆောင်းခဲ့ရာ ယနေ့တိုင် တံဆိပ်ခေါင်းစုခဲ့ကြောင်း” အင်္ဂလိပ်စာသင် ကျောင်းဆရာတစ်ဦးက ပြောသည်။
အခမ်းအနားသို့ မန္တလေးမြို့ရုံးစိုက် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် H.E.Shre Nandan Singh Bhaisora နှင့် တာဝန်ရှိသူများ၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ဒုတိယအထွေထွေ မန်နေဂျာ ဒေါ်နုနုသန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အိန္ဒိယနွယ်ဖွားများ၊ ဖိတ်ကြားထားသူများ၊ တံဆိပ်ခေါင်းစု ဝါသနာရှင်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်ကြီးမှ ကြီးမှူး၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)


