ရန်ကုန် ၂ အောက်တိုဘာ

 

ရန်ကုန်မြို့ လှိုင်မြစ်ကူးတံတားတစ်စင်းဖြစ်သော ဘုရင့်နောင်တံတား အမှတ်(၁)အား အောက်တိုဘာလ ၅ ရက်မှစတင်၍ ပြုပြင်မွမ်းမံမှုများပြုလုပ်မည့်ရာ တံတားပေါ်မှ ဖြတ်သန်းပြေးဆွဲနေသော YBS ယာဉ်လိုင်းများအား တံတားအမှတ် (၂) သို့ ယာဉ်လမ်းကြောင်း ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က YRTA ရုံး၌ ယနေ့ပြုလုပ်သော သတင်းမီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။  

 

လက်ရှိအချိန်တွင် YBS – 20 ၊ YBS - 23 နှင့် YBS – 85 ယာဉ်များမှာ ဘုရင့်နောင်တံတားအမှတ် (၁) ပေါ်မှ အသွားခရီးစဉ်ကို ဖြတ်သန်း၍ အပြန်ခရီးစဉ်ကို တံတားအမှတ် (၂) ကို အသုံးပြု ဖြတ်သန်းလျက်ရှိသည်။ သို့ဖြစ်ရာ တံတားအမှတ်(၁) ပြုပြင်စဉ်ကာလတွင် အဆိုပါယာဉ်များ၏ အသွားအပြန် ခရီးစဉ်များကို တံတားအမှတ် (၂) သို့ ပြောင်းလဲ အသုံးပြုရမည်ဖြစ်သည်။

 

"ပြည်သူလူထုအတွက် ပြင်ဆင်ပေးရမှာက အမှတ် (၁) တံတားကို ဖြတ်တဲ့ YBS ယာဉ်လိုင်း သုံးလိုင်း ၃ လိုင်းရဲ့ အဝင်ခရီးစဉ်ကိုဘဲ အမှတ် (၂) တံတားပေါ်ကို ရွှေပြောင်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကိုလည်း သက်ဆိုင်ရာယာဉ်လိုင်းတွေကို အားလုံးခေါ်ယူအသိပေးပြီးဖြစ်ပါတယ်” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ရှင်းပြသည်။

 

YRTA အနေဖြင့် ဘုရင့်နောင်တံတားအမှတ် (၁) ပြင်ဆင်ချိန်ကာလတွင် YBS ယာဉ်လိုင်းများအား ပြေးဆွဲမှုအပိုင်းနှင့် ကြပ်မတ်ထိန်းသိမ်းမှုအပိုင်းဟူ၍ နှစ်ပိုင်းခွဲပြီး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဖြစ်ပေါ်လာနိုင်တာက တံတားနှစ်စင်းပေါ်မှာ YBS ယာဉ်အစီးရေက တစ်နေ့ကို ၂၀ဝ ပတ်ဝန်းကျင်လောက် ဖြတ်သန်းပြေးဆွဲနေပါတယ်။ အရင်က တံတားနှစ်စင်းကို ခွဲပြီးဆွဲနေတဲ့အတွက် ဒီအင်အားဟာ ဘာမှမဖြစ်ပေမယ့် တံတား (၂) တစ်ခုတည်းကို အသုံးပြုတော့မယ်ဆိုရင် ယာဉ်ကြောကြပ်တည်းမှုသည် အထိုက်အ‌လျောက်ရှိလာနိုင်ပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။

 

အဆိုပါနေရာ၌ ယာဉ်ကြောကြပ်တည်းမှု ဖြစ်ပေါ်လာပါက YRTA အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဘုရင့်နောင်တံတား အမှတ် (၂) ကို အသွားအပြန် ဖြတ်သန်း ပြေးဆွဲပေးလျက်ရှိသော YBS – 16၊ YBS – 68 နှင့် YBS – 83 ယာဉ် လိုင်းများမှာမူ ယာဉ်လမ်းကြောင်း ပြောင်းလဲမှုရှိမည် မဟုတ်ကြောင်း သိရသည်။ တံတားအမှတ် (၁) ပြုပြင် မွမ်းမံမှုကာလမှာ အချိန်တစ်လခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း