ရန်ကုန် ၂ အောက်တိုဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်လည်ထူထောင်ရေး ဦးစီးဌာန(၉)ခု၌ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်သည်အထိ သင်ကြားပေးလျက်ရှိကြောင်း မရမ်းကုန်းမြို့နယ်ရှိ ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်)၌ ပြုလုပ်သော စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအမှတ်စဉ် (၂/၂၀၁၉) မှ သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန(ရန်ကုန်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က "၂၀၁၉ ခုနှစ်မှာ မူးယစ်ကြီးကြပ်ရေး သင်တန်းကို တစ်နှစ်ကို (၃)ကြိမ်လောက် တိုင်းဒေသကြီးနဲ့ ပြည်နယ်က ပြန်လည်ထူထောင်ရေးစခန်းတွေမှာ ခုလိုသင်တန်တွေ ဖွင့်လှစ်ပေးပါတယ်၊ ဒီလိုသင်တန်းတွေမှာ တက်ရောက်ပြီးတဲ့ ဌာနဝန်ထမ်းတွေ၊ NGO လူမှုအဖွဲ့အသီးသီးမှ စေတနာ့ဝန်ထမ်းတွေက မူးယစ်ဆေးဝါး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်တဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ကြဖို့၊ ဒီသင်တန်းဆင်းပြီးရင် ကိုယ့်ရပ် ကိုယ့်ဒေသ ပြန်ရောက်တဲ့အခါ ဆေးရုံဆေးခန်းတွေမှာ မူးယစ်ဆေးဝါးဖြတ်ရန် ကုသခံယူဖို့ အသိပညာပေးဟောပြောခြင်း၊ နှစ်သိမ့်ဆွေးနွေး အကြံပြုလုပ်ငန်းတွေကို ရပ်ရွာအခြေပြု ပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်"ဟု ပြောသည်။
ထို့အပြင် မူးယစ်ဆေးဝါး သုံးစွဲမိသူများအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသည့်နောက် မိမိဝါသနာပါရာ ကွန်ပျူတာသင်တန်း၊ အိမ်တွင်းလျှပ်စစ်ပြင်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ တွင်ခုံဖောက်ခုံသင်တန်း၊ ဆံပင်ညှပ်သင်တန်း၊ ဗြုံးအုတ်သင်တန်း၊ ဆိုင်ကယ်ပြုပြင်ရေးသင်တန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်း၊ သံဂဟေဆက် သင်တန်းများဖြင့် ကုသရေးနှင့် ပြန်လည် ထူထောင်ရေးကာလ ရက်သတ္တပတ် ၅ ပတ်မှ ၁၀ ပတ်မျှ ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်သည်အထိ သက်မွေးဝမ်းကျောင်း ပညာရပ်များကို ပြန်လည်ထူထောင်းရေး စခန်းများတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မူးဆေးဝါး ဖြစ်ပြီးသူများအားလည်း မူလနေထိုင်ခဲ့ရာ ပတ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိသည့်အခါ ထိုမူးယစ်ဆေးဝါး နယ်ပယ်အတွင်း ပြန်မရောက်စေဖို့ နွေးထွေးစွာ ဖေးမကူညီ လက်ခံကြိုဆိုခြင်းဖြင့် ပြည်သူအများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းထားကြောင်း သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)


