ကော့သောင်း ၃ အောက်တိုဘာ
မြို့နေပြည်သူများ၏ အသုံးပြုလျှက်ရှိသည့် လက်ကိုင်ဖုန်းများ ရှိ စာရိုက်စနစ် မြန်မာယူနီကုဒ် စနစ်သို့ ပြောင်းလဲသည့် နည်းပညာဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ အများပြည်သူ နားနေဆောင်ရှေ့တွင် ကော့သောင်းခရိုင်၊ ဖုန်းလုပ်ငန်းရှင်များအသင်းမှ အခမဲ့ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဝန်ဆောင်မှုတွင် ခရိုင်ဖုန်းလုပ်ငန်းရှင်များအသင်းဝင်များမှ မြို့နေ့ပြည်သူများ သုံးစွဲ လျှက်ရှိသည့် ဖုန်းများ၏ စာရိုက်စနစ်အား ယနေ့နိုင်ငံတစ်ဝှမ်း စတင်ပြောင်းလဲ အသုံးပြုနေပြီဖြစ်သည့် ယူနီကုဒ်စနစ်အား ပြောင်းလဲအသုံးပြုနိုင်ရေး ဖုန်းအမျိုးအစားအလိုက် ပြောင်းလဲပေးခြင်း ၊ အသုံးပြုမည့် အပလီကေးရှင်းများအား ထည့်သွင်းပေးခြင်း၊ အသုံးပြုနည်း များအား သင်ကြားပြသပေးခြင်း ၊ မြန်မာယူနီကုဒ်စနစ်၏ အားသာချက်နှင့် အသုံးဝင်မှု အခြေအနေများအား ရှင်းလင်းပြောဆိုပညာပေးခြင်း စသည့်ဝန်ဆောင်မှု လုပ်ငန်းများအား တစ်ပတ်လျှင် ၂ ရက် နံနက်ပိုင်း ၉ နာရီမှ ၁၁ နာရီအထိ ၊ ညနေပိုင်း ၂ နာရီမှ ၅ နာရီအထိ တစ်နေ့ ၂ ကြိမ် ဆောင်ရွက်ပေးကြမည်ဖြစ်ပြီး မြို့၏အခြားရပ်ကွက်ပြည်သူများ၏ လိုအပ်ချက် ရှိပါက ရပ်ကွက်အလိုက် လိုက်လံလှည့်လည်၍ အခမဲ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


