မန္တလေး  ၃  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာများတွင် စက်ရေတွင်းတူးဖော်နိုင်ရေး အတွက် မြေအောက်ရေအောင်းလွှာတည်ရှိမည့်နေရာကို Geophysical Survey(GP) ဘူမိရူပစစ်တမ်း တိုင်းတာမှုများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

တာဝန်ရှိသူများသည် ဥစ္စာနွယ်အုပ်စု ဌက်ပျောတောကျေးရွာ၊ ဖောင်းတောအုပ်စု ဖောင်တောကျေးရွာ သိမ်းကုန်းအုပ်စုသိမ်းကုန်း(မ)ကျေးရွာများတွင် စက်ရေတွင်းများတူးဖော်နိုင်ရေး အတွက် မြေအောက်ရေအောင်းလွှာ ရှိ ၊ မရှိကို Syscal R2 စက်ဖြင့်  အောက်တိုဘာ ၃ ရက်နေ့တွင်တိုင်းတာမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

"ကျေးရွာတွေမှာ လက်နှိပ်ရေတွင်းတွေရှိပေမယ့် သောက်သုံးရေချိုအတွက်ကတော့ အဆင်မပြေပါဘူး။ နွေရာသီတွင် သောက်သုံးရေချိုရှားပါးမှု မဖြစ်စေရေးအတွက် စက်ရေတွင်းတူးဖော်နိုင်ဖို့ တိုင်းတာရခြင်းဖြစ်ပါတယ်"ဟု မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းစံထံမှ သိရသည်။

 

ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများကို သိမ်ကုန်း(မ)ကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ဖောင်းတောကျေးရွာ၊ စိုင်ချိုနက်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ နတ်မြှောင်းကျေးရွာ၊ မဲကုန်းကျေးရွာ၊ ပန်းတောကျေးရွာ၊ ဘိုကုန်းကျေးရွာ များတွင် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများ အဆိုပါကျေးရွာ ၉ ရွာတွင် ဆောင်ရွက်မည့်ဖြစ်ကြောင်း သိရသည်။

 

ဖြိုးထက်အောင်(ကျေးလက်)