ပေါင်းတည် ၃ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ပျဉ်ကြီးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) ICB-3 တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မဟာဓါတ်အားလိုင်းရောက်ရှိနေရာမှစ ၁၀ မိုင်အထက် ဝေးကွာသော ကျေးရွာများကို မဟာဓါတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ် ဓါတ်အားရရှိရေးစီမံကိန်းဖြင့် မီးရရှိရေး ဆောင်ရွက်ပေးလျက်ရှိပြီး တစ်အိမ်သုံးဆိုလာ စနစ် ဝပ်၆၀တစ်ချပ်နှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် တစ်စုံလျင် ၅၀ဝ၀ဝ ကျပ်၊ ဝပ ၁၀ဝ အတွက် ၁၅၀ဝ၀ဝ ကျပ်ကို ပြည်သူထည့်ဝင်ငွေအဖြစ် ထည့်ဝင်ရပြီး ကျေးရွာအိမ်ခြေ၏ ၃၀ ရာခိုင်နှုန်းအထက် တပ်ဆင်အသုံးပြုပါက အများပြည်သူပိုင် လမ်း၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးအဆောက်အဦများကို အခမဲ့ တပ်ဆင်ပေးနေကြောင်း သိရသည်။
ပျဉ်ကြီးကျေးရွာတွင် အိမ်ခြေ၁၃၀ရှိသည့် အနက် ၆၉ အိမ်ကို ၆၀ ဝပ်ဆိုလာ ၆၉ လုံးနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်သွားမည်ဖြစ်ပြီး၊ မူလတန်းကျောင်းတစ်ကျောင်းနှင့် လမ်းမီး ၉ တိုင်အား အခမဲ့ တပ်ဆင်ပေးသွားမည်ဖြစ်ပြီး ဆိုလာနှင့်ဆက်စပ်ပစ္စည်းများမှာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိနေပြီဖြစ်ကာ တပ်ဆင်မှုအပိုင်း အားအောက်တိုဘာ ဒုတိယပတ်တွင် စတင် သွားမည်ဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းက ပြောသည်။
အဆိုပါ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ရောက်ရှိနေမှုအခြေအနေအား ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦးက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာတွင်ဆိုလာ တပ်ဆင်မှုအပိုင်းအား သတ်မှတ်အချိန်တွင် ပြီးစီးရေးတွန်းအားပေးဆောင်ရွက်သွားကြရန် မှာကြားသည်။
ဆက်လက်၍ ပေါင်းတည်မြို့နယ်အတွင်း ၂၀၁၈ ခု ၆ လ ဘဏ္ဍာနှစ်က ကျေးရွာ ၁၈ ရွာ၌ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာနှစ်၌ ယင်းကျေးရွာ ၁၈ ရွာရှိ မူလတန်းကျောင်း ၁၈ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်း၊ ဘာသာရေးအဆောက်အဦ ၁၉ ခု၊ ကျန်းမာရေး အဆောက်အဦ ၂ ခု၊ လမ်းမီးတိုင် ၁၄၀ တိုင်တို့ကို တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း က ဆက်လက်ပြောပြသည်။
ငြိမ်းသူ


