ဟိုပင်   ၃   အောက်တိုဘာ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊  ဟိုပင်မြို့ နယ်မြေရဲစခန်း၌ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့  အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပရာ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးမှ ပေးပို့သော သဝဏ်လွှာအား ဟိုပင်နယ်မြေရဲစခန်းမှူး ဒုတိယရဲမှူး ဗျက်ဆန်းက ဖတ်ကြားခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများတွင် ပူးပေါင်းပါဝင်ခဲ့ကြသော မြို့ပေါ်(၄) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စု (၈)အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဟိုပင်မြို့ လူမှုကူညီရေးအသင်း၊ စေတနာမွန် နာရေးကူညီမှုအသင်း၊ မျိုးချစ်မြန် လူငယ်မောင်မယ်ပရဟိတအသင်း၊ ဟိုပင်မြို့ ကြက်ခြေနီတပ်ဖွဲ့နှင့် ဟိုပင်မြို့ မီးသတ်တပ်ဖွဲ့တို့အား ဒုတိယရဲမှူးဗျက်ဆန်းနှင့် တာဝန် ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

 

ဆက်လက်၍ ဟိုပင်မြို့ ပြည်သူလူထုကိုယ်စား မြို့မိမြို့ဖ ဦးလှရွှေက ဟိုပင်နယ်မြေရဲစခန်း၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အကြံပြုဆွေးနွေးခဲ့ပြီး ဟိုပင်နယ်မြေရဲစခန်းမှူး ဒုတိယရဲမှူးဗျက်ဆန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

၎င်းအခမ်းအနားသို့ နယ်မြေခံတပ်ရင်းများမှ တပ်ရင်းမှူးများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ပြည်သူများတက် ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

 

တိုးတိုးမေ-ဟိုပင်