မိတ္ထီလာ ၃ အောက်တိုဘာ
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာရှစ်ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့် စက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပြီးခဲ့ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း နွေရာသီတွင် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ကျေးရွာများကို မြေသားကန်တူးဖော်ပေးခြင်းနှင့် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကျေးလက်ဒေသများတွင် သောက်သုံးရေရရှိစေရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မူလငွေလုံးငွေရင်းရန်ပုံငွေဖြင့် မိတ္ထီလာမြို့နယ် အတွင်း၌ နွေရာသီတွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် ညောင်ပင်သာ(တောင်)၊ ကံကြီးကုန်း၊ ရှားတောရွာသစ်၊ မကျီးပင်တဲ၊ ကျောက်ပုံ၊ ထနောင်းကျင်း၊ နဘဲကုန်း၊ ညောင်ပင်ကုန်းကျေးရွာ(၈)တွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ၊ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ရေစက်ရုံတည် ဆောက်ခြင်းလုပ်ငန်းများကို ဖိုးဂျီကုမ္ပဏီမှ တာဝန်ယူ၍ ဆောက်ရွက်ခဲ့သည်။
အဆိုပါစက်ရေတွင်းများ တူးဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်နှင့် တာဝန်ရှိသူတို့ကို ၎င်းကျေးရွာများရှိ ကျေးရွာရေကော်မတီများထံ စက်ရေတွင်းများ လွှဲပြောင်းပေးအပ်ပြီး ကျေးရွာရေကော်မတီများကို စက်ရေတွင်း ရေရှည်ထိန်းသိမ်း လည်ပတ်နိုင်စေရန် လည်ပတ်ထိန်းသိမ်းနည်းပညာဆိုင်ရာလုပ်ငန်းများအား သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူးက ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


