ချောင်းဦး   ၃ အောက်တိုဘာ

           

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းရှိ တောင်သူများ ဆောင်းသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် ချင်းတွင်းမြစ်ရေများကို ပေါက်အင်းရေတံခါးများမှ အောက်တိုဘာလ ၁ ရက်နေ့က စတင်၍ ရေလွှတ်ပေးလျှက်ရှိကြောင်း သိရသည်။

           

ချောင်းဦးမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ခိုင်ထွန်းက "ချောင်းဦးမြို့နယ် ပေါက်အင်းကနေ တောင်သူများအတွက် အောက်တိုဘာ(၁)ရက်က စတင်ပြီး ချင်းတွင်းမြစ်ရေများကို ရေလွှတ်ပေးခြင်း ဖြစ်ပါကြောင်း၊ ချောင်းဦးမြို့နယ်အနေဖြင့်  နှစ်စဉ် ဇူလိုင်လ (၁၅)ရက်နေ့မှာ ချင်းတွင်းမြစ်ရေများကို  ပေါက်အင်းထဲသို့ ရေသွင်းထားရှိပြီး နှစ်စဉ် အောက်တိုဘာလ (၁၅)ရက်နေ့မှာ ပေါက်အင်းရေတံခါးများမှ ချင်းတွင်းမြစ်ရေများကို ပြန်လည် ရေလွှတ်ပေးပါကြောင်း၊ ယခုနှစ်မှ စတင်၍ တောင်သူများ ဆောင်းသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် အချိန်ကာလစော၍ အောက်တိုဘာ (၁)ရက်နေ့တွင် ချင်းတွင်းမြစ်ရေများ ပြန်လည် ရေလွှတ်ပေးခြင်း ဖြစ်ပါကြောင်း၊ ရေလွှတ်တာ စောသလို ချင်းတွင်းမြစ်ရေ သွင်းယူမှုကိုလည်း လာမည့် ၂၀၂၀ -ခုနှစ်တွင် ဇူလိုင်လ (၁)ရက်နေ့၌ ရေသွင်းယူမည် ဖြစ်ပါကြောင်း၊ ယခု ရေလွှတ်ပေးသော ပေါက်အင်းသည် မိုးတွင်းကာလတွင် ငါးလေလံပြစ်၍ ငါးမွေးမြူကြသော အင်းလည်း ဖြစ်ပါကြောင်း "  ပြောပြပါသည်။

           

ချောင်းဦးမြို့နယ် ပေါက်အင်းတွင် ချင်းတွင်းမြစ်ရေ သွင်းယူသည့် ရေတံခါး အမှတ်(၁)မှ အမှတ်(၅)ထိ (၅)ပေါက် ရှိရာ အဆိုပါရေတံခါးများ မှ ရေဖြန့်ဝေပေးမှုကြောင့် စိုက်ပျိုးဧက ၁၄၀ဝ၀ ကျော် အကျိုးပြု လျှက်ရှိပြီး ယခုနှစ် ဆောင်းသီးနှံ များအဖြစ် ဂျုံ၊ ကုလားပဲ နှင့် သခွားသီးနှံများ စိုက်ပျိုးကြမည် ဖြစ်ကြောင်း သိရသည်။

           

ယမင်း (ရွှေဦးမြေ)

 

1