ဘားအံ ၃ အောက်တိုဘာ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ῝အသက်ကြောင့်မခွဲခြားတို့ဘိုးဘွား၊ စွမ်းအားတူညီ လျှောက်လှမ်းမည်῎ ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြု အခမ်းအနားကို အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်၍ အသက် ၈၀ နှစ်နှင့်အထက် အဘိုးအဘွားများအား ပူးဇော်ကန်တော့ငွေများ ပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင် သက်ကြီးချိတ်ဆက်အဖွဲ့မှ ကရင်ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ပြီး အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ဝင် ဌာနေညွှန်ကြားရေးမှူး Mr.Godfred Paul က နှုတ်ခွန်းဆက်စကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြ သော အပူဇော်ခံအဘိုးအဘွားများအား တိုင်းရင်းဆေးဝါးများ၊ ပူဇော်ကန်တော့ငွေများနှင့် လှူဖွယ်ပစ္စည်းများ ပေးအပ် လှူဒါန်းရာ အပူဇော်ခံအဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာစကားပြန်လည်ပြောကြားသည်။
ယနေ့အခမ်းအနားသို့ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်များမှ အသက်(၈၀)နှစ်နှင့်အထက် အဘိုးအဘွား (၄၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘားအံမြို့ပေါ်(၉)ရပ်ကွက်ရှိ အသက်(၈၀)နှစ်နှင့်အထက် အဘိုး အဘွား(၈၂၈)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂၄၈၄၀ဝဝဝ) နှစ်ရာလေးဆယ်ရှစ်သိန်း လေးသောင်းကျပ်၊ ပြည်နယ်တိုင်းရင်းဆေးဦးစီးဌာနမှ ငွေကျပ်တစ်သိန်းငါးသောင်းခြောက်ထောင်ခုနှစ်ရာတန်ဖိုးရှိ တိုင်းရင်းဆေးဝါးများကို လှူဒါန်းခဲ့ကြောင်းနှင့် အခမ်းအနားသို့တက်ရောက်နိုင်ခြင်းမရှိသော အပူဇော်ခံသက်ကြီးအဘိုး အဘွားများအား သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


