ရန်ကုန် ၃ အောက်တိုဘာ
မော်တော်ယာဉ်အစိတ်အပိုင်း ပြောင်းလဲထားသောယာဉ်များအား ယာဉ်အို ယာဉ်ဟောင်းအစား ထိုးတင်သွင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ခွင့်ပြုပေးလျက်ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က YRTA ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းမီဒီယာတွေ့ဆုံပွဲ ၁၀/၂၀၁၉ တွင် ပြောကြားခဲ့သည်။
“ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေ EC အစည်းအဝေးမှာ ဆုံးဖြတ်ပြီးတော့ ဒီဖောက်စွပ်၊ ဖြတ်ဆက်၊ အလုံးချိန်း ဖျက်သိမ်းထားတဲ့ ယာဉ်တွေကို ယာဉ်အိုယာဉ်ဟောင်း အစားထိုးတင်သွင်းခွင့်ကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ပြန်လည်ပေးအပ်ခြင်းဖြစ်ပါတယ်” ဦးလျန်ကျင့်မန်က ပြောကြားခဲ့သည်။
ထိုသို့ပြန်လည်ခွင့်ပြုပေးခြင်းမှာ အစိတ်အပိုင်းမမှန်ကန်သော မော်တော်ယာဉ်များကို လက်ဝယ်ထားရှိသူ များအနေဖြင့် ၎င်းတို့ကိုယ်တိုင် မော်တော်ယာဉ်အစိတ်အပိုင်းများကို မမှန်မကန် ဖောက်စွပ်၊ ဖြတ်ဆက် ထားခြင်းမဟုတ်ဘဲ ရောင်းမှားဝယ်မှားဖြစ်ပြီး လက်ဝယ်တွင် ကျန်ရှိနေသူများဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ ဌာနအနေဖြင့် ယာဉ်အိုယာဉ်ဟောင်း အစားထိုး တင်သွင်းခွင့်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မော်တော်ယာဉ်တင်သွင်းမှုများပြားလာပြီးနောက်ပိုင်းတွင် အချို့သော ယာဉ်ပိုင်ရှင်များအနေဖြင့် မမှန်မကန်ဆောင်ရွက်မှုများ၊ ဥပဒေချိုးဖောက်မှုများ ရှိလာသည့်အတွက် ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၁၈(င)အရ အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော ဖောက်စွပ်၊ ဖြတ်ဆက်၊ အလုံး ချိန်းယာဉ်များအား ဥပဒေနှင်အညီ မှတ်ပုံတင် ဖျက်သိမ်းပြီး ရဲစခန်းများသို့ အပ်နှံစေခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်တွင် မော်တော်ယာဉ်ဥပဒေအတိုင်း ပြင်းပြင်းထန်ထန် မှတ်ပုံတင်ဖျက်သိမ်းခြင်း၊ ရဲစခန်းများ တွင် သိမ်းဆည်းခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် ရောင်းမှားဝယ်မှားဖြစ်ခဲ့သူများမှ သက်ဆိုင်ရာအကြီးအကဲများထံ အသနားခံစာတင်ပြခဲ့ခြင်းကြောင့် ယခုကဲ့သို့ ယာဉ်အိုယာဉ်ဟောင်း အစားထိုးတင်သွင်းခွင့်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမော်တော်ယာဉ်အများစုမှာ တရားရုံးများတွင် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း


