နေပြည်တော် ၃ အောက်တိုဘာ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Patrick Chugg အား ယနေ့ နံနက် ဝ၉:၃၀ နာရီ အချိန်တွင်လည်းကောင်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP) မှ Resident Representative ဖြစ်သူ Mr. Peter Batchelor အား ယနေ့ နံနက် ၁၀:၃၀ နာရီ အချိန်တွင် လည်းကောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ ဆုံခဲ့သည်။
ဗြိတိန်နိုင်ငံ သံအမတ်ကြီးအား တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဆောင်ရွက်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ စီမံကိန်းများ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုမှု များတွင် သက်ဆိုင်ရာ တရားစွဲ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အမှုလိုက်ပါ ဆောင်ရွက်မှုများ၊ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့(FATF)နှင့် အာရှ-ပစိဖိတ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့(APG)တို့ ၏ လုပ်ငန်းစဉ်များတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပါဝင်ဆောင်ရွက်မှုများနှင့် နိုင်ငံဖြတ်ကျော်မှုခင်း တားဆီးနှိမ်နင်းရေး ကိစ္စရပ်များတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ Resident Representative ဖြစ်သူ Mr. Peter Batchelor အား တွေ့ဆုံရာတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး တို့အကြား ဆောင်ရွက် လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် အောင်မြင်မှုများ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ဥပဒေအရာရှိများအား သင်ကြား လေ့ကျင့်ပေးမှု ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲများသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းနှင့် ညွှန်ကြားရေးမှူး ဦးကျော်သူဟိန်းတို့ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


