နေပြည်တော် ၃ အောက်တိုဘာ

 

ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ (World Patient Safety Day) အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်သူနာပြုတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် လူနာဘေးကင်းလုံခြုံမှုအား ဦးစားပေးရန် တိုက်တွန်းအဆိုပြု Video Clip ကိုပြသ၍ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးက အမှာစကားပြောကြားပြီး ပညာရှင်များက ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားကြသည်။

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မှ ဒေါက်တာခိုင်ဇာဝင်းက “လူနာဘေးကင်း လုံခြုံရေးဆိုတာ ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေစဉ်အတွင်း မလိုလားအပ်တဲ့ ဆိုးကျိုးတွေ မဖြစ်ပေါ်ရအောင် ကာကွယ်ခြင်းဖြစ်ပါတယ်။ ဒါကကြိုတင်ကာကွယ် ဆောင်ရွက်လို့ရတဲ့အတွက် အရေးကြီးအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ လူနာတွေက ဆေးမှန်မှန်သောက်မယ်။ ဒါဆို ပဋိဇီဝဆေးယဉ်ပါးမှုတွေ လျော့လာမယ်။ စပ်ဆေးတွေ သောက်မယ့်အစား ကျန်းမာရေးဝန်ထမ်းတွေရဲ့ စောင့်ရှောက်မှုကို သေသေချာချာခံယူရင် လူနာဘေးကင်းလုံခြုံမှုက ပိုပြီးမြင့်မားလာမှာပါ” ဟု ပြောသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူနာလေးဦးတွင် တစ်ဦးသည် ကျန်းမာရေးစောင့်ရှောက်မှုခံယူရင်း ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ရင်ဆိုင်နေရသည့် လူနာများမှာ နှစ်စဉ်ကမ္ဘာတစ်ဝှမ်းတွင် ၁၃၄ သန်းခန့်ရှိပြီး လူနာပေါင်း ၂ ဒသမ ၆ သန်းခန့်မှာ စောင့်ရှောက်မှုခံယူရင်း သေဆုံးနေရကြောင်း ယနေ့အခမ်းအနားမှ သိရသည်။

 

သတင်း- မွန်းဦးနဒီ

ဓာတ်ပုံ - လှမိုး