နေပြည်တော် ၃ အောက်တိုဘာ
ဟိုတယ်၊ စားသောက်ဆိုင်နှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နယ်မြေများ ဆေးလိပ်ငွေ့ကင်းစင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေး Framework Convention on Tobacco Control (FCTC) အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀ဝ၃ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး ၂၀ဝ၆ ခုနှစ် မေ ၄ ရက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းကာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု လျော့နည်းကျဆင်းရေးကို အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေအရ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနှင့် တည်းခိုရိပ်သာ၊ လူအများ ဝင်ထွက်သွားလာနိုင်သော နေရာများတွင် ဆေးလိပ်သောက်ခြင်းကို လုံးဝတားမြစ်ရမည်ဖြစ်ပြီး လူဝင်လူထွက်များသောနေရာနှင့် ဝေးရာတွင် ဆေးလိပ်သောက်ရန် သီးသန့်နေရာများကို စီမံထားရှိရမည် ဖြစ်ပါကြောင်း။
နိုင်ငံတကာအတွေ့အကြုံများအရ ဆေးလိပ်ငွေ့ကင်းစင်ပြီး ကျန်းမာသည့် ပတ်ဝန်းကျင်သည် ခရီးသွားလုပ်ငန်းအတွက် အားကောင်းသည့် ဆွဲဆောင်မှုတစ်ရပ် ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ဆေးလိပ်မီးခိုးငွေ့နှင့် ဆေးလိပ်အစီခံများသည် ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုလက်ရာများကို ယိုယွင်းပျက်စီးစေခြင်း၊ ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်မှုများ ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ရှေးဟောင်းအမွေအနှစ်ရှိရာ နေရာများအားလုံး Smoke Free Area ဖြစ်ရန် များစွာအရေးကြီးပါကြောင်း၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နယ်မြေများ ဆေးလိပ်ငွေ့ ကင်းစင်ရေးနှင့် ပတ်သက်ပြီး လက်ရှိတွင် ရန်ကုန်၊ ပဲခူး၊ ပုဂံ၊ ပြင်ဦးလွင်၊ ပင်းတယ၊ ညောင်ရွှေနှင့် ကျိုက်ထိုမြို့များတွင် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း။
ယနေ့ဆောင်ရွက်သည့် ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်များနှင့် ရှေးဟောင်းအမွေအနှစ် နယ်မြေများ ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းသည် မကူးစက်နိုင်သော ရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် များစွာအရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းခြင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများအတွက်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သင့်သော လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် ကိုယ်စား Dr.Dinesh Jeyakumaren နှင့် Southeast Asia Tobacco Control Alliance (SEATCA) မှ ကိုယ်စားလှယ် Dr.Domillyn တို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းအလိုက် ရှင်းလင်းတင်ပြခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများအပေါ် သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
အဆိုပါ ဆွေးနွေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခု၌ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသများနှင့် ၎င်းတို့နှင့် ဆက်စပ်သော ဟိုတယ်နှင့်စားသောက်ဆိုင်များ၌ ဆေးလိပ်ငွေ့ကင်းစင်ရေး နယ်မြေများထူထောင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုကို လေ့လာဆန်းစစ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲအကောင်အထည်ဖော်ရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက အောက်တိုဘာ ၄ ရက်အထိ နှစ်ရက်တာ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


