မန္တလေး ၃ အောက်တိုဘာ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်းဒေသကြီးရှိ မြစ်ကမ်းပြိုထိခိုက်ကျေးရွာများတွင် မြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယခုလအတွင်း ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၁ မြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကို ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်လျာထားပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြုချက် ရယူပြီးပါက ကမ်းပြိုကျေးရွာများ၏ အခြေအနေများ ကွင်းဆင်းစစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
"ကျေးရွာတွေရဲ့ အခြေအနေကို နောက်ဆုံးတိုင်းတာရရှိတဲ့ အခြေအနေအရ ဆောင်ရွက်ရမှာပါ။ ကနဦးလျာထားတဲ့ကျေးရွာတွေတော့ အပြောင်းအလဲမရှိနိုင်ပါဘူး။ ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရေအပြောင်းအလဲဖြစ်နိုင်တော့ ဆောင်ရွက်ရမယ့် ပုံစံတွေ၊ ဒီဇိုင်းတွေ အပြောင်းအလဲရှိနိုင်ပါတယ်" အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် မြို့နယ် ၁၁ မြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ အတွက် စုစုပေါင်း ငွေကျပ်သန်း ၅၃၀ဝ ကျော် သုံးစွဲသွားရန် လျာထားသတ်မှတ်ထားကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်းဒေသကြီးတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို သပိတ်ကျင်းမြို့နယ်တွင် လေးရွာ၊ စဉ့်ကူးမြို့နယ်တွင် လေးရွာ၊ မတ္တရာမြို့နယ်တွင် သုံးရွာ၊ အမရပူရမြို့နယ်တွင် တစ်ရွာ၊ စဉ့်ကိုင်မြို့နယ်တွင် တစ်ရွာ၊ ငါးဇွန်မြို့နယ်တွင် နှစ်ရွာ၊ မြစ်သားမြို့နယ်တွင် တစ်ရွာ၊ တံတားဦးမြို့နယ်တွင် တစ်ရွာ၊ တောင်သာမြို့နယ်တွင် တစ်ရွာ၊ ပုသိမ်ကြီးမြို့နယ်တွင် တစ်ရွာ၊ ညောင်ဦးမြို့နယ်တွင် တစ်ရွာတို့၌ လုပ်ဆောင်သွားရန် လျာထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း မြစ်ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ကျေးရွာ ၁၅ ရွာနှင့် ရေလမ်းကြောင်းကောင်းမွန်ရေး လုပ်ငန်းလေးခုကို ဧရာဝတီမြစ်အတွင်း စဉ့်ကူး၊ မတ္တရာ၊ ကသာနှင့် မြင်းခြံမြို့နယ်တို့တွင် ငွေကျပ် သန်း ၅၂၀ဝ အသုံးပြု၍ လုပ်ဆောင်ခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။
သူရိန်လင်း


