နေပြည်တော် ၃ အောက်တိုဘာ

         

ကိုရီးယားသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Lee Nak-yon က အောက်တိုဘာ ၂ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်ထွေး၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးကျင်ဝမ်း၊ ဦးထွန်းကျော်နှင့် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်တို့ တက်ရောက်ကြသည်။

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ယနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီတွင် ဆိုးလ်မြို့ရှိ National Palace Museum of Korea သို့လည်းကောင်း၊ ဒေသစံတော်ချိန် ၁၁ နာရီ ၁၀ မိနစ်တွင် Changdeokgung Palace သို့ လည်းကောင်း၊ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် Namsangol Traditional Garden သို့လည်းကောင်း သွားရောက်လေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

 

သတင်းစဉ်