နေပြည်တော် ၃ အောက်တိုဘာ
ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (၂၀၁၉) အထိမ်းအမှတ်အခမ်းအနားနှင့် နှလုံးနှင့်နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ် ကုသမှုလုပ်ငန်းများ စတင်ခြင်းအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နှလုံးနှင့် နှလုံးသွေးကြော ရောဂါအပါအဝင် မကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုသည် များပြားလာလျက်ရှိပြီး လူတိုင်းတွင် ဖြစ်နိုင်ခြေရှိသဖြင့် ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ကုသမှု လုပ်ငန်းများသည် အလွန်အရေးကြီးပါကြောင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ အဝလွန်ခြင်း၊ အဆီနှင့်အငန်များလွန်ကဲစွာစားသုံးခြင်း၊ သွေးတိုးရောဂါဖြစ်ပွားခြင်းနှင့် ဆီးချိုရောဂါများဖြစ်ပွားခြင်းတို့၏ နောက်ဆက်တွဲအနေဖြင့်လည်း နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါများ ဖြစ်ပွားနိုင်ပါကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် မကူးစက်နိုင်သော ရောဂါများဖြစ်ပွားမှုကို ကာကွယ်နိုင်သဖြင့် ပြည်သူများတွင် ကျန်းမာရေးအသိပညာ ကြွယ်ဝစေရေးမှာ အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် Mobile Tablet များကို အသုံးချကာ ကျေးလက်ဒေသများအထိ ကျန်းမာရေးအသိပညာ မြှင့်တင်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
နှလုံးနှင့်သွေးကြောရောဂါများ ကြိုတင်ကာကွယ်ကုသမှုလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်နှင့် ကျေးလက်ဒေသများအထိ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နှီးနွှယ်ဆက်စပ်သည့် ဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်သည့် မူဘောင်စနစ်တစ်ခုကို ရေးဆွဲချမှတ်ကာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အဖွဲ့ဝင်နိုင်ငံများအတွက် အကြံပြုချက်များနှင့်အညီ ဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု အခြေအနေနှင့် မူဝါဒကိုစောင့်ကြပ်ကြည့်ရှုခြင်း၊ အများပြည်သူကို ဆေးလိပ်ငွေ့အန္တရာယ်မှ ကာကွယ်ခြင်း၊ ဆေးလိပ်ဖြတ်လိုသူများကို ကူညီခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကို အများပြည်သူသိရှိရန် အသိပညာပေး၍ သတိပေးခြင်း၊ ဆေးလိပ်ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ စပွန်ဆာပေးခြင်းများကို အလုံးစုံတားမြစ်ပိတ်ပင်ခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးအပေါ် ကောက်ခံသည့် အခွန်တိုးမြှင့်ကောက်ခံခြင်းစသည့် လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (မြန်မာ)မှ Technical Lead , Professor Anil Krishna က နှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးတက္ကသိုလ် (၁) နှလုံးဆေးကုဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာနွယ်နွယ်က နှလုံးနှင့် နှလုံးသွေးကြောရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ကုသမှုလမ်းညွှန်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများသည် အထိမ်းအမှတ်ပြခန်းငယ်များကို လှည့်လည်ကြည့်ရှုကြသည်။
သတင်းစဉ်


