တံခါးပိတ်ဝါဒဖြင့် ကြာရှည်လေးမြင့်စွာ ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် နိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ အဖြစ်သို့ နိမ့်ဆင်းသွားခဲ့ပြီး နိုင်ငံတကာနှင့် ဆက်ဆံမှုနည်းပါး သည်နှင့်အမျှ ကိုယ့်အခြေအနေကို ကိုယ်မခန့်မှန်းနိုင်၊ အကဲမဖြတ်နိုင် ဖြစ်ခဲ့ရသည်။
ကမ္ဘာ့အမြင်ဖြင့် မကြည့်နိုင်သည့်အခါ ကိုယ့်နိုင်ငံ၏သဘာဝ ရေမြေတောတောင်တို့ စိမ်းလန်းနေဆဲ၊ သဘာဝသယံဇာတများ ကြွယ်ဝပေါများ နေမြဲဟု ကြွေးကြော်နေခဲ့ကြသည်။ အမှန်မှာ စိမ်းလန်းဒေသတို့က လျော့ပါးပျောက်ကွယ်နေသည်မှာ အခြားသော ကမ္ဘာ့နိုင်ငံများနှင့် အချို့သော အိမ်နီးချင်း နိုင်ငံများ၏ စိမ်းလန်းမှုကို မမီတော့ဆိုသည်ကို အမှန်အတိုင်း မသိမြင်။
သဘာဝဘေး၊ ရာသီဥတု ဖောက်ပြန်မှုဘေးတို့ လာရောက်နေပြီဆိုသည်ကို အလေးအနက်မပြုမိခဲ့။ ကိုယ့်နိုင်ငံမှာသည်လို သဘာဝ ဘေးအန္တရာယ်များ မကျရောက်နိုင်ဟု အထောက်အထားမဲ့ ထင်မြင်ယုံကြည်ခဲ့ကြရာမှ ရုတ်ခြည်းဆိုသလို ရေကြီးရေလျှံမှုတွေ၊ မုန်တိုင်းတွေ၊ လေတွေ ၊ ငလျင်လှုပ်ခတ်မှုတွေ၊ မိုးခေါင် ရေရှားမှုတွေ တဖြည်းဖြည်းချင်း စိပ်စိပ်လာကာ နဖူးတွေ့ ဒူးတွေ့ တွေ့သော်မှပင် ပြင်ဆင်စရာ၊ ပြောင်းလဲစရာများ ရေတိုရေရှည် လုပ်ရမည်များကို မစီမံနိုင်ခဲ့။
စီးပွားရေးနိမ့်ကျလာလိုက်သည်မှာ နောက်ဆုံးတန်းရောက်နေပြီ ဆိုခြင်းကို မသိကျိုးကျွန်ပြုနေမိကြမြဲ။ အများပြည်သူတို့၏ ကျန်းမာရေး အဆင့် မည်သည့်နေရာ ရောက်နေပြီဆိုခြင်းကို အမှတ်မထားသလိုလို။ ပညာရေးစနစ်တစ်ခုလုံး ချွတ်ခြုံကျနေခြင်းက နိုင်ငံတစ်ခုလုံးကို ဆင်းရဲတွင်းထဲသို့ ဆွဲခေါ်နေပြီဖြစ်ကြောင်း အလေးမထား၊ ပြုပြင်ပြောင်းလဲကြဖို့ မပြင်ဆင်မိခဲ့။ သည်လိုအခြေအနေများကို ပြောင်းလဲပြုပြင်ကြရန် ဖွင့်ဟပြောဆိုလာသည့် ပညာရှင်များ၏ စကား၊ ပြည်သူ့အသံတို့ကိုလည်း ဂရုမထားသည့်ပြင် ထိုအကျပ်အတည်း အခက်အခဲတို့ကို ဝေဖန်လာလျှင် ပြင်းထန်စွာအရေးယူ အပြစ်ပေးသည့် စနစ်အောက်မှာ ဖြစ်နေသည့်အခါ ပြည်သူအများစုသည် တိတ်တိတ်ဆိတ်ဆိတ်ပင် ဆင်းရဲတွင်းထဲသို့ တအိအိကျဆင်းလာခဲ့တော့သည်။
အနိမ့်ကျဆုံး အနေအထားသို့ ဒုတ်ဒုတ်ထိ ရောက်လာသည့် အခါတွင်မူ ပြည်သူ့အုံကြွမှုကြီး ပေါ်ပေါက်လာကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးများ၊ ခေတ်စနစ် တော်လှန်ပြောင်းလဲရေးများ အတွက် စတင်နိုးကြားလှုပ်ရှားလာကြလေသည် ။
ထိုသည်၏နောက်တွင် အာဏာရှင်စနစ်မှသည် ဒီမိုကရေစီ စနစ်ဆီသို့ အပြောင်းအလဲ၊ ပြည်သူ့အင်အားကို မျက်နှာလွှဲလို့မရတော့သည့် အနေအထား အပြောင်းအလဲ၊ ပြည်သူ့ကိုယ်စားလှယ် တို့ကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်များတွင် မဖြစ်မနေ ပါဝင်ခွင့်ပြုလာရခြင်း စသည့် အပြောင်းအလဲများ စတင်ရတော့သည်။
ယခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆောင်ပုဒ်မှာ “ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အရည်သွေးမြင့် ပညာရေး၊ ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်ရေးနှင့် အားလုံးပါဝင်ရေးအတွက် နိုင်ငံစုံ ကြိုးပမ်းအားထုတ်မှုများကို လှုံ့ဆော်ရေး” ဟူ၍ဖြစ်ရာ မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ မဖြစ်မနေ ချက်ချင်းဆိုသလို အကောင်အထည်ဖော်ရမည့် လုပ်ငန်းများနှင့် ထပ်တူဖြစ်နေ၏။
နိုင်ငံပေါင်းစုံညီလာခံကြီး အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းရမည့် ပြဿနာများကို ရှုမြင်ရာတွင် ဖွံ့ဖြိုးမှုနိမ့်ကျနေသည့် နိုင်ငံများ၊ ဆင်းရဲနွမ်းပါးမှုနွံထဲတွင် ရုန်းကန်နေရသည့် နိုင်ငံများကို အထူးဂရုပြုရခြင်းနှင့် ကမ္ဘာလုံးရင်ဆိုင်နေရသည့် သဘာဝဘေးကို အလေးထား ဖြေရှင်းရန် အာရုံစိုက်ရခြင်း ဖြစ်လေရာ မြန်မာနိုင်ငံ၏ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ထပ်တူဖြစ်နေခြင်းမှာ မဆန်းဟု ဆိုရပါမည်။
အထက်ပါ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဒီမိုကရေစီအပြောင်းအလဲနှင့်အတူ အစိုးရကလည်း ကြိုးပမ်းအားထုတ် နေသည်ပဲ ဖြစ်ပါသည် ။
ယခုလို အရှိန်မြှင့်တင်ဆောင်ရွက်ရမည့် ကာလတွင် အခက်အခဲ အကျပ်အတည်းများကို ကျော်လွှားနိုင်အောင် အပြင်းအထန် အားထုတ် ဆောင်ရွက်ကြရင်း နိုင်ငံတကာ၏ ဝိုင်းဝန်းရင်ဆိုင် ပူးပေါင်းမှုဖြင့် ပိုမိုအောင်မြင်မည်ဟု ယုံကြည်ပါကြောင်း။ ။
(မြန်မာ့အလင်း)