ညောင်လေးပင် ၄ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ရေကြီးနစ်မြုပ် ပျက်စီးခဲ့သည့် လယ်ဧကများအတွက် ပြန်လည်စိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၄ ရက် နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သက်သက်ညွန့်က မျိုးစပါးပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု ခြောက်အုပ်စုမှ ပြန်လည်စိုက်ပျိုးမည့်တောင်သူ ၃၀၂ ဦးအား လယ် ၇၅၂ ဧက အတွက် တစ်ဧက လျှင် တစ်တင်းခွဲနှုန်းဖြင့် ရက် ၉၀ မျိုးစပါး ၁၁၂၈ တင်း ပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံခဲ့ကြသည်။
မျိုးစပါးပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
နေလင်း(ညောင်လေးပင်)


