ညောင်တုန်း ၄ အောက်တိုဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မအူပင်ခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကင်းစံရာ ကျေးရွာအုပ်စု၊ ရန်ကင်းစံရာရွာမကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး မအူပင်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဇင်ထွန်းက ဒေသခံပြည်သူများ ရေလွှမ်းမိုးမှုများနှင့် ကြုံတွေ့လာပါက ရေဘေးအတွက်ကြိုင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ၊ ပြည်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အကြောင်းနှင့် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းဖြင့် ရေဘေးကြုံတွေ့လာပါက အဆင့်သင့် ကာကွယ်ရေးနည်းလမ်းများကို ဆောင်ရွက်နိုင်မည့်ဖြစ် သဖြင့် ထိခိုက်ဆုံးရှုံးမှုများလျှော့နည်းနိုင်မည်ဖြစ်ကြောင်း ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒေသခံပြည်သူများနှင့် ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝဠာနိုင်(ညောင်တုန်း)


