နေပြည်တော် ၄ အောက်တိုဘာ
နိုင်ငံတော်တွင် လက်ရှိ မြေလွတ်၊ မြေရိုင်း ဧကပေါင်း (၄၇)သန်းခန့်ရှိရာ လမ်းပန်းဆက်သွယ်ရေး သင့်တင့်ကောင်းမွန်သည့် ဒေသများတွင် ဧကပေါင်း(၁၅)သန်းခန့် ကျန်ရှိသည့်အပေါ် အကျိုးရှိစွာ အသုံးပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၉)နာရီက ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏(၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှု အချိုးအစား တိုးတက်စေရေးအတွက် သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သစ်တောနှင့် သယံဇာတလုပ်ငန်းများအတွက် အသုံးပြုလိုသည့် ဧရိယာနယ်နိမိတ်ကို တိကျစွာအဆိုပြုပါက မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ချထားပေးမည့် ဧရိယာများနှင့် လုပ်ကွက်မထပ်စေရန် စီစဉ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် ဗဟိုကော်မတီအတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများထံမှ ကောက်ခံရမည့် မြေခွန်များ ကြွေးကျန်မရှိ ပြီးပြတ်အောင် ကောက်ခံနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍လည်းကောင်း အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်မည့်အကြောင်းတစ်ခုချင်းနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဗဟိုကော်မတီဥက္ကဋ္ဌက နိုင်ငံတော်ဖွံ့တိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများကို အသုံးပြု၍ စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္ထုထုတ်လုပ်ခြင်း၊ အစိုးရက ခွင့်ပြုထားသည့် ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်သွားနိုင်ရန်နှင့် အခြေခံ အဆောက်အအုံ၊ စီမံကိန်းလုပ်ငန်းနှင့် အထူးစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ လမ်းညွှန်မှာကြားချက်များနှင့် အညီ လိုက်နာကျင့်သုံး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ ၂၀၁၉ခုနှစ် စက်တင်ဘာလအတွင်း ထုတ်ပြန်ပေးခဲ့သော မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများအား နိုင်ငံတော်၏ ရေရှည် အကျိုးစီးပွားအလို့ငှာ လုပ်ကိုင်ဆောင်ရွက်ခွင့် တင်ပြလာခြင်းကိစ္စရပ်အပေါ် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပြောကြားပြီး ဗဟိုကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးကြသည်။
ဆက်လက်၍ ယခုအစိုးရကာလ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် အမှုတွဲများ စိစစ်တင်ပြခြင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၃/၂၀၁၆) အစည်းအဝေးနှင့် (၁၉/၂၀၁၉)အစည်းအဝေး၊ (၂၀/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များအရ ပြည်လည်စိစစ်ရန် အကြောင်းကြားထားခြင်းများ အပေါ် စိစစ်တင်ပြခြင်းနှင့် အဆိုပြုတင်ပြလာသည့် ကိစ္စရပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သဘောထားမှတ်ချက် ပြန်ကြားလာသည့် အမှုတွဲများ၊ စည်းကမ်းချက် သတ်မှတ်ကာလ(၄)နှစ် ပြည့်မြောက်ပြီးချိန်အထိ မြေပြင်အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိသဖြင့် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရုပ်သိမ်းခြင်းမှ ပယ်ဖျက်ခွင့်ပြုနိုင်ရန် တင်ပြလာခြင်း၊ စည်းကမ်းချက် သတ်မှတ်ကာလ (၄)နှစ် ပြည့်မြောက်ပြီးချိန်အထိ မြေပြင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိဘဲ မြေရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ တပ်ရင်း တပ်ဖွဲ့တို့ကို သိမ်းဆည်းနိုင်ရေး တင်ပြလာမှုများ၊ ယခင်ဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအား ပြန်လည်အပ်နှံခွင့်ပြုရန် လျှောက်ထားလာမှုများ၊ မြေယာလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းအပေါ် စိစစ်နိုင်ရေး သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စရပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ ပြင်ဆင်ဖွဲ့စည်းရန် ကိစ္စရပ်များအား အသေးစိတ်ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


