အိမ်မဲ ၄ အောက်တိုဘာ

 

ဆေးတက္ကသိုလ်(၂) ရန်ကုန်မှ အထူးကုဆရာဝန်ကြီးများက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ရှိ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသခြင်း လုပ်ငန်းများကို အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အထွေထွေရောဂါ၊ ကလေးရောဂါ၊ အရေပြား၊ သွားနှင့်ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရိုးအကြော၊ စိတ်ကျန်းမာရေး၊ သားဖွားမီးယပ်ရောဂါများအပြင် အထွေထွေခွဲစိတ်နှင့် တိုင်းရင်ဆေးတို့ဖြင့် ကုသပေးမည်ဖြစ်ပြီး ဆေးဝါးကုသမည့် လူနာများအနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်/ကျေး စာရေးများနှင့် သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများထံ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

အဆိုပါ အခမဲ့ဆေးကုသခြင်းကို အောက်တိုဘာလ ၂၅ ရက် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီအထိ စစ်ဆေးကုသပေးမည်ဖြစ်ပြီး အထက်ပိုင်းရပ်ကွက် ပြည်သူ့ဆေးရုံနှင့် အထက (၁)ကျောင်းတို့တွင် ကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးမှ သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)