နေပြည်တော် ၄ အောက်တိုဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် အေဂျီတီအိုင်ဒီပလိုမာ ရရှိသည့် ကျောင်းသားများကို နိုင်ငံ့ဝန်ထမ်းများအဖြစ် အလုပ်တာဝန်များခွဲဝေပေးအပ်ရေး ညှိနှိုင်းအစည်းအဝေးကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီတွင် ကျင်းပသည်။
အစည်းအဝေးတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ရန်ကုန်နှင့် စစ်ကိုင်းတို့မှ ကျောင်းဆင်းကျောင်းသားများကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးတွင် အကြီးတန်းစာရေးများအဖြစ် လည်းကောင်း၊ အကြီးတန်းစာရေး နှင့် လစာနှုန်းတူ ရာထူးနေရာများတွင် လည်းကောင်း တာဝန်ပေးခန့်အပ်ရန် ခွဲဝေပေးသည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက တောင်းဆိုသည့် အင်အား (၈၀ဝ) ကျော်ရှိပါသော်လည်း မိမိတို့၏ ကျောင်းဆင်း အင်အားမှာ (၄၀၂)ဦးသာ ရှိသဖြင့် (၅၀) ရာခိုင်နှုန်းခန့်သာ ခွဲဝေပေးနိုင်မည်ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့အား တိုးချဲ့ ဖွင့်လှစ်သွားရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နောင်နှစ်များတွင် ဝန်ကြီးဌာနများ၏ လိုအပ်ချက်များကို ယခုထက်ပိုမို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက ဝန်ထမ်းများ ခန့်အပ်နိုင်ရေး၊ သင့်တော်ရာနေရာဒေသများတွင် တာဝန်ချထားခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့သည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ၂၀ဝ၁ ခုနှစ်မှစ၍ ယနေ့ကာလအထိ စုစုပေါင်းကျောင်းဆင်းကျောင်းသား ၃၈၇၀ ဉီးသည် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


