မြိတ် ၄  အောက်တိုဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် တိုင်းဒေသကြီးအဆင့် ရင်းနှီးမြုပ်နှံမှုဖိုရမ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ(၄)ရက် မွန်းလွဲပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို တိုင်းဒေသကြီးအတွင်း သဘာဝအခြေခံ ခရီးသွား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအား ဖော်ထုတ်ရန်၊ အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများဖြင့် ပိုမိုမြှင့်တင်နိုင်ရန်၊ စီးပွားရေး လုပ်ငန်းများနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအကြား ချိတ်ဆက်ဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် စီးပွားရေးပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် နိုဝင်ဘာလ(၂၃)ရက်နှင့်(၂၄)ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း  တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 

 

ရင်းနှီးမြှုပ်နှံမှုဖိုရမ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများ တွေ့ဆုံ၍ ကဏ္ဍအလိုက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အခမ်းအနား ကျင်းပရန် လျာထားသည့်နေရာများအား ဝန်ကြီးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ ကြသည်။

 

ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲများတွင် MIC နှင့်ဆိုင်သည့် ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်စီမံကိန်းများ၊ Sea View Condo စီမံကိန်း၊ သတ္တုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဒေသထွက်ကုန် SME ကဏ္ဍများ ပြသမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၏ အဓိက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာနှင့် စိန်ခေါ်မှုများ အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း  တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ကြားသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် လာရောက်ကြသည့် ဧည့်သည်များကို မြိတ်ခရိုင်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လေ့လာရေး ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)