နေပြည်တော် ၄ အောက်တိုဘာ
လင်းလွန်းခင်စာပေတိုက်မှ ဖြန့်ချိသော စာအုပ်များ မိတ်ဆက်ပွဲနှင့် စာအုပ်အထူး ဈေးရောင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ ဈေးရောင်းပွဲတွင် ဆရာအောင်ဇင်မင်းနှင့် ဆရာမြေလတ်မောင်မြင့်သူ တို့က မုဒိတာစကား ပြောကြားကြပြီး စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)က သာယာဝတီရင်ပြင်နီ နှင့် အခြားကဗျာများ စာအုပ်၊ စာရေးဆရာ မင်းဝေဟင်က ပုံရိပ်စစ် တို့ရဲ့သင်္ကတေ စာအုပ်တို့ကို မိတ်ဆက်ပြောကြားကြသည်။
"အောက်တိုဘာ ၅ရက်နေ့မှာ ဆရာမကြီး နတ်မောက် အနီချိုရဲ့ မဂ္ဂဇင်း ဝတ္ထုရှည်များ စာအုပ်နဲ့ ဆရာလင်းရောင်စင်ရဲ့ ချစ်တယ် စာအုပ်မိတ်ဆက်ပွဲပြု လုပ်ပါ့မယ်။ စာရေးသူနဲ့ စာဖတ်သူ အပြန်အလှန်ဆွေးနွေးပွဲနဲ့ ရသစာပေအပါအဝင် စာအုပ်တွေကို ၂၀ ရာခိုင်နှုန်းကနေ ၃၀ရာခိုင်နှုန်းအထိ အထူးနှုန်းနဲ့ ရောင်းချပေး သွားမှာဖြစ်ပါတယ်။ စာအုပ်တွေနဲ့အတူ ပန်းချီကားတွေကိုလည်း ပြသထားပါတယ်” ဟု လင်းလွန်းခင်စာပေတိုက်မှ ဦးသိန်းလွင်က ပြောသည်။
စာအုပ်အထူးဈေးရောင်းပွဲကို ယနေ့မှ အောက်တိုဘာ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမအား စာပေနှင့် အနုပညာဆိုင်ရာ ဆွေးနွေးပွဲ၊ ပြပွဲများအတွက် အခမဲ့ ငှားရမ်းပေးလျက်ရှိသည်။
သန့်ဇင်ဝင်း


