ကြို့ပင်ကောက် ၅ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၌ ၂၀၁၈ ခုနှစ်မိုးရာသီက ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ဧကများအတွက် တောင်သူများအားထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၄ ရက် နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးက ထောက်ပံ့ငွေများပေးအပ်ရခြင်းအပေါ်ရှင်းလင်းပြောကြား၍ ထောက်ပံ့ငွေများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်နှင့် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကျေးရွာအုပ်စု သဘာဝဘေးထောက်ပံ့ရေးအဖွဲ့များထံ လွှဲပြောင်းပေးအပ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ကြို့ပင်ကောက်မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ကျေးရွာအုပ်စုများဖြစ်သော ချောင်းနားစု၊ စေတီကုန်း၊ ကျောက်ဝ၊ ကုန်းရွာ၊ ညောင်ပင်မြင်းစီး၊ မင်းအိုနှင့် ရှားပင်ထအုပ်စုတို့ရှိ တောင်သူ ၄၂၈ တို့၏ ပျက်စီးဧက ၁၅၀ဝ အတွက် တစ်ဧကလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


