မုံရွာ ၅ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၅ ရက်၊ နံနက်(၉)နာရီက မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ WORLD TEACHERS' DAY အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မုံရွာမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “မြတ်ဆရာ”သီချင်းဖြင့်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ကမ္ဘာကြီးရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုတွေ အားလုံးဟာ လူသားအရင်းအမြစ်တွေရဲ့ ဖွံ့ဖြိုးမှုအပေါ် တည်မှီလျက်ရှိတဲ့အတွက် လူသားအရင်းအမြစ်တို့၏ ဖွံ့ဖြိုးမှုအစကို ဆရာများက ပဲ့ကိုင်လျက်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာကြီးကို ပဲ့ကိုင်ထိန်းကျောင်းလျှက်ရှိတဲ့ ဆရာများရဲ့ ကဏ္ဍကို သတိပြုရမှာ ဖြစ်ပါတယ်။ ပညာရေးနဲ့ လေ့လာသင်ယူခြင်းတို့ဟာ အမှန်တကယ် ထာဝရအမှန်တရားဖြစ်သော ကမ္ဘာတစ်ခုကို တည်ဆောက်ခြင်းတွင် ဆရာများရဲ့ လုပ်ပိုင်ခွင့်နဲ့ ပညာသင်ကြားမှု လွတ်လပ်ခွင့် အပေါ်မှာ အလေးဂရုပြုထားတာ ဖြစ်ပါတယ်။
ပညာခေတ်မှာ ကမ္ဘာ့နိုင်ငံအသီးသီးဟာဆိုရင် အရည်အသွေးကောင်းမွန်သည့် ပညာရေးကို အမှန်တကယ်ဆောင်ကြဉ်း ပေးနိုင်စွမ်းရှိသည့် အရည်အသွေးကောင်းမွန်သော ဆရာကောင်းများ အမှန်ပင် လိုအပ်လျှက်ရှိကြောင်း တွေ့မြင်လာကြပြီ ဖြစ်ပါတယ်။ ယခုအခါ ဆရာကောင်းများ ရှားပါးလာနေမှုနှင့် ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာကောင်းများ ဆရာ့ဘဝ၊ ဆရာ့လောကသို့ စဉ်ဆက်မပြတ်ဝင်ရောက်လုပ်ကိုင် လာနိုင်စေရေးအတွက် အထူးလိုအပ်လျက်ရှိပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပညာရေးဖြစ်လာစေဘို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ ဆရာများရဲ့ဘဝနဲ့ ဆရာများရဲ့ကဏ္ဍကို ထည့်သွင်းစဉ်းစားကြရမှာဖြစ်ပါတယ်။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတစ်ရပ် တည်ဆောက်ရာမှာ ပညာရေး ဗိသုကာ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ရဲ့တပည့်များကို အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေးအတွက် ပညာအမွေပေးစေလိုပါတယ်။ ပညာရေးတာဝန်ထမ်းဆောင်ပြီး၍ အငြိမ်းစားယူသွားကြသည့် ဆရာကြီး၊ ဆရာမကြီးများအနေဖြင့်လည်း လက်ရှိ ဆရာ/ဆရာမများကို လိုအပ်တဲ့ ပညာအမွေများ လက်ဆင့်ကမ်းပေးစေလိုပါတယ်။
ယနေ့ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ စွမ်းရည်မြင့် ဆရာများလွတ်လပ်စွာသင်ကြားရန် ပူးပေါင်းကြပြီး ပိုမိုကောင်းမွန်သော ကမ္ဘာကြီး၏ အကျိုးအတွက် ကလေးတိုင်း၊ အရွယ်ရောက်သူတိုင်း ပညာသင်ကြားလေ့လာနိုင်ဖို့ လွတ်လပ်မှု ရှိကြပါစေလို့ ဆန္ဒပြု” တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ၂၀၁၉ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် အထက်တန်း/အလယ်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၂)ဦးအား ဆုများကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အသက်(၈၃)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း(၂၀)ဦးတို့အား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် မုံရွာမြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “အိုဘယ့် မြတ်ဆရာ”သီချင်းဖြင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဂုဏ်ပြုသီဆိုခြင်းတို့အားလည်းကောင်း၊ အဆိုပါခန်းမအတွင်း ခင်းကျင်းပြသထားသော ၂၀၁၉ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် အထက်တန်း/အလယ်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၂)ဦးတို့၏ စာစီစာကုံးနှင့် ကဗျာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)


