ပွင့်ဖြူ ၅ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ စာဖတ်သူဦးရေတိုးပွားလာစေရန်နှင့် စာဖတ်တတ်သူတိုင်းစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ဖွဲ့စည်းထားရှိသည့် ပွင့်ဖြူမြို့နယ် ပွင့်သာမြေစာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club)အသင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၅ ရက်၊ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်း ဒုတိယဉက္ကဌ ဆရာကြီး ဦးဝင်းမြင့်(ပညာရေးငြိမ်း)က စာဖတ်သူဦးရေ တိုးပွားစေရန်နှင့် စာတတ်သူတိုင်း စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်အတွက် မြို့နယ်အတွင်း စာဖတ်ဝိုင်းဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်မည့် အစီအစဉ်များ၊ အသင်းဝင်ဦးရေ တိုးပွားရေးနှင့် အသင်းရန်ပုံငွေ တိုးပွားရေး စည်းရုံးဆောင်ရွက်ရန်အချက်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲ ကျင်းပဆောင်ရွက်မည့်အစီအစဉ်များနှင့် ဆုချီးမြှင့်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပွင့်ဖြူမြို့နယ် ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ အသင်းဝင်များက အသင်းမှ ရှေ့ဆက်လက်ဆောင်ရွက်မည့် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ ၊ အသင်းရန်ပုံငွေ တိုးပွားရေး ဆောင်ရွက်လိုသည့် ကိစ္စရပ်များနှင့် အသင်းဝင်ဦးရေ တိုးပွားရေး ဆောင်ရွက်သွားမည့်နည်းလမ်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြရာ (Book Club)အသင်း ဒုတိယဉက္ကဌ ဆရာကြီးဦးဝင်းမြင့်(ပညာရေးငြိမ်း)က ဆွေးနွေးအကြံပြုချက်များအပေါ် လိုအပ်သည် များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးမှာကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ် ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club) မှ ဒုတိယဉက္ကဌနှင့် အသင်းအဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


