ပဲခူး ၅ အောက်တိုဘာ

 

၂၀၁၉ ခုနှစ် ပဲခူးတိုင်းဒေသကြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၅ ရက် နံနက် ၈ နာရီခွဲက ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမတွင် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးမြို့ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများက ဆရာသီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အမှာစကားပြောကြားကာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ လက်အောက်ခံအများ၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သည့်သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ပညာရေးမှူး ညွှန်ကြားရေးမှူး ဆရာကြီးဦးစန်းအောင်က ဖတ်ကြားသည်။

 

ထို့နောက် ပဲခူးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက "ဆရာများသို့" သီချင်းဖြင့် တေးသရုပ်ဖော် တင်ဆက်ဖျော်ဖြေကြပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အလှူရှင်များအား ပဲခူးတိုင်းဒေသကြီး လွှတ်တေည်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ ကျောင်းသူများက "အနန္တကျေးဇူးရှင်" သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြသည်။

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူသွားကြသည့် တိုင်း/ ခရိုင်/ မြို့နယ်ပညာရေးမှူး ဆရာကြီး၊ ဆရာမကြီးများအား တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးစန်းအောင်နှင့် ဆရာ/ဆရာမများက လက်ဆယ်ဖြာဦးထိပ်မှာမိုးပြီး ပဲခူးမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးအေးသိန်း ရေးသားသီကုံးသည့် ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကာ ကန်တော့ခံပစ္စည်းများ ပေးအပ်ကြကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားတွင် အသက်(၇၀)နှစ်အောက် ကန်တော့ခံ ဆရာကြီး/ဆရာမကြီး (၄၀)ဦးနှင့် အသက်(၇၀)နှစ်အထက် ကန်တော့ခံ ဆရာကြီး/ဆရာမကြီး (၉၆)ဦး စုစုပေါင်း(၁၃၆)ဦးတို့အား တပည့်ဆရာ/ဆရာမများက စုပေါင်းကန်တော့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

ဟိန်းထက်(ပြန်/ဆက်)