နေပြည်တော် ၅ အောက်တိုဘာ
ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော်ကပ်လှူခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အမျိုးသားပြတိုက်၌ ကျင်းပမည့်အစား ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ပြောင်းလဲကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ နည်းပညာအလုပ်ရုံဆွေးနွေးပွဲတွင် ရွှေလွှာတင်ခြင်း နည်းပညာ၊ လျှပ်စစ်သုံးရွှေလွှာတင်ခြင်း နည်းပညာ၊ ရွှေစင်ပြားနှင့် မျက်ပါးရွှေကပ်ခြင်း နည်းပညာ၊ ရွှေစင်ပြားနှင့် မျက်ပါးရွှေ ထုတ်လုပ်ခြင်း နည်းပညာနှင့် ရွှေပြားကပ်သည့် နေရာ၌ အသုံးပြုသော ပစ္စည်းများအပေါ်တွင် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် သက်ရောက်မှုဆိုင်ရာ နည်းပညာနယ်ပယ်များနှင့် စပ်လျဉ်းသည့် စာတမ်းများ ဖတ်ကြားပြီး ပညာရှင်များက ဆွေးနွေးကြမည်ဖြစ်သည်။
နည်းပညာအလုပ်ရုံဆွေးနွေးကို ရွှေတိဂုံစေတီတော်မြတ်ကြီး အရှည်တည်တံ့ ခိုင်မြဲရေးအတွက် စေတီတော်ကြီးတွင် ကပ်လှူထားသော ရွှေသင်္ကန်းများဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


