ရန်ကုန် ၅ အောက်တိုဘာ
၂၀၁၉ ခုနှစ် အောက်တိုဘာလအား မြန်မာနိုင်ငံ၏ပထမဆုံး ဆိုက်ဘာလုံခြုံရေးလအဖြစ် သတ်မှတ်၍ ဆိုက်ဘာလုံခြုံရေး အသိပညာပေးလှုပ်ရှားမှုများကို တစ်လကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ပထမဆုံး ဆိုက်ဘာလုံခြုံရေး အသိပညာပေးလှုပ်ရှားမှုများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ မြန်မာသတင်း အချက်အလက်လုံခြုံရေးအဖွဲ့အစည်း၊ မြန်မာနိုင်ငံဆိုင်ရာ US ICT တို့မှ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများအတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပေးခြင်း ဓလေ့တစ်ခုကို ဖော်ဆောင်ပေးရန်၊ ပြည်သူလူထုအား မှတ်တမ်းအချက်အလက်၊ ပစ္စည်းကိရိယာများကို ကာကွယ်ခြင်းနှင့် အွန်လိုင်းကို ဘေးကင်းစွာ အသုံးပြုနိုင်ရန်အတွက် အသိပညာပေးရန်၊ အစိုးရ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အကျိုးအမြတ်မယူသော အဖွဲအစည်းများကို ယင်းတို့၏ မှတ်တမ်းအချက်အလက်များ၊ ကွန်ရက်နှင့်စနစ်များအား လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန် လမ်းညွှန်ချက်များပေးခြင်း၊ ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းနှင့် ၎င်းတို့၏ဝန်ထမ်းများအား သင်ကြားပြသပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာလူငယ်များ တိုးတက်ရေးအတွက် ဖွဲ့စည်းထားသည့် MYEO မှ မထက်သီရိရွှေက “မြန်မာနိုင်ငံက လူငယ်တွေအတွက် နည်းပညာတတ်မြောက်ပြီး အွန်လိုင်းမှာဖြစ်နိုင်တဲ့ တိုက်ခိုက်မှုတွေကို သိရှိနားလည်တဲ့ လူငယ်တစ်ယောက်ဖြစ်စေချင်တယ်။ အဲဒီအတွက် လုပ်ဆောင်သွားမယ့် လုပ်ဆောင်ချက်တွေထဲမှာ ပထမအပတ်ကကျတော့ ဆိုက်ဘာလုံခြုံရေးဆိုတာ ဘာလဲဆိုတာမျိုးပေါ့။ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီး ကိုယ့်ကိုထိခိုက်မှု ဘယ်လိုရှိနိုင်မလဲပေါ့။ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး အသိပညာရှင်တစ်ယောက်အနေနဲ့ လုပ်ဆောင်မယ်ဆိုရင် ဘယ်လိုအခွင့်အလမ်းတွေ ရှိနိုင်မလဲပေါ့။ အဲအချက် ၃ ချက်ပေါ်မူတည်ပြီး Online Media ဖြစ်တဲ့ MYEO page ကနေ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ ဘယ်လိုတွေရှိနိုင်တယ်ဆိုတာ အသေးစိတ် ရှင်းပြသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ထိုပြင် ရန်ကုန်ဆန်းသစ်တီထွင်မှုစင်တာ၌ အသေးစားစက်မှုလုပ်ငန်းရှင် လူငယ်များအား အင်တာနက် နည်းပညာ အသုံးပြုနည်းများ၊ အွန်လိုင်းတိုက်ခိုက်မှု ကာကွယ်ခြင်းများကို သင်ကြားပေးသွားမည့်အပြင် နယ်ဒေသမှ လူငယ်များကိုပါ နည်းပညာ၊ အတတ်ပညာ၊ အသိပညာရရှိစေရန်အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မကွေး၊ မြစ်ကြီးနား၊ စစ်တွေမြိုများရှိ လူငယ်များအား အသိပညာ မျှဝေမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ပထမဆုံး ဆိုက်ဘာလုံခြုံရေး အသိပညာပေး လှုပ်ရှားမှုအတွင်း သင်တန်းများ၊ သတင်းအချက်အလက် ဖြန့်ဝေခြင်းအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Myanmar Cyber Security Month 2019 ကျင်းပသည့် အောက်တိုဘာလတွင် နိုင်ငံတကာ၌လည်း ဆိုက်ဘာလုံခြုံရေး အသိပညာလှုပ်ရှားမှုများ ကျင်းပလျက်ရှိသည်။ အခြားနိုင်ငံများတွင် ဆိုက်ဘာလုံခြုံရေးနေ့၊ ဆိုက်ဘာလုံခြုံရေးရက်သတ္တပတ် စသည်ဖြင့် ကျင်းပလေ့ရှိသော်လည်း မြန်မာနိုင်ငံသည် အမေရိကန်၊ ကနေဒါ၊ ဂါနာနှင့် အခြားဉရောပနိုင်ငံများနည်းတူ ဆိုက်ဘာလုံခြုံရေး လှုပ်ရှားမှုကို တစ်လကြာဆင်နွဲသော အာရှ-ပစိ ဖိတ်ဒေသတွင်းမှ ပထမဆုံးနိုင်ငံဖြစ်သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


