ခင်ဦး ၆ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ စည်ပုတ္တရာကျေးရွာအုပ်စု၊ သရက်ကန် ကျေးရွာနှင့် ပေကုန်းကျေးရွာတို့တွင် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီက သရက်ကန်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် ကျင်းပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ဆန်းဦး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇင်မင်းဝင်းတို့က ထရန်စဖော်မာရှေ့တွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်း၊ ဒုတိယဦးစီးမှူး ဦးအောင်ဆန်းဦး တို့က အမှာစကားပြောကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇင်မင်းဝင်းက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် လျှပ်စစ်အသုံးပြုပုံ၊ ဓာတ်လိုက်ခံရသူအား ရှေးဦးသူနာ ပြုစုနည်း စသည့် အသိပညာများ ဟောပြောဆွေးနွေးပြီး ကျေးရွာနေပြည်သူများထံသို့ လျှပ်စစ်အန္တရာယ် အသိပေးစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်ပြီး ပေကုန်းကျေးရွာ ထရန်စဖော်မာရှေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်း၊ ဒုတိယဦးစီးမှူး ဦးအောင်ဆန်းဦးနှင့် ဦးဝင်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ခင်ဦးမြို့နယ်တွင် ကျေးရွာများလျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီးမံကိန်း ပထမအဆင့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ကျေးရွာပေါင်း (၃၇) ရွာတွင် ယနေ့ထိ (၂၂)ရွာ လျှပ်စစ်မီး ရရှိပြီဖြစ်ပြီး နေအိမ်များတွင် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရန်အတွက် အိမ်သုံးမီတာများကို တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇင်မင်းဝင်းက ပြောသည်။
စိုးဝေအောင်(ခင်ဦး)


