မင်းဘူး ၆ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်ပြီး ပြည်သူ့အကျိုးပြု ဆောင်ရွက်နေမှုများအား သိရှိနိုင်ရေး အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီက မင်းဘူးမြို့၊ ပညာ့အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ မူကြိုကျောင်းသား ကျောင်းသူ ၄၂ ဦးအဖွဲ့က လာရောက် လေ့လာကြည့်ရှုခဲ့ကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထံမှ သိရသည်။
ယင်းသို့ လေ့လာကြည့်ရှုရာတွင် မင်းဘူးမြို့ ၊ ပညာ့အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၄၂ ဦးအဖွဲ့သည် တာဝန်ကျဆရာ၊ ဆရာမများ၏ ဦးဆောင်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာနရုံးရှိ မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် မီးငြှိမ်းသတ် ပစ္စည်းများ၊ ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် ငလျင်ဘေးဆိုင်ရာ အသိပညာပေး လုပ်ငန်းသုံးပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် အသုံးပြုပုံနည်းစနစ်များကို လေ့လာကြည့်ရှုရာ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းတို့က ကျောင်းသားကျောင်းသူများ သိရှိလိုသည်များကို လိုက်လံရှင်းလင်း ပြသပေးခဲ့ကြသည်။
ထို့နောက် ကျောင်းသားကျောင်းသူများကို မီးဘေးအန္တရာယ် မဖြစ်စေရန် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်အချက်များနှင့် ငလျင်ဘေးဆိုင်ရာ ကြိုတင်ကာကွယ်ရမည့် နည်းစနစ်များကို ပညာပေး ရှင်းလင်းဆွေးနွေးဟောပြောပြီး ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ဉာဏ်စမ်း ပဟေဠိမေးခွန်း မေးမြန်းဖြေကြားခြင်း အစီအစဉ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


