ယင်းမာပင် ၆ အောက်တိုဘာ   

 

စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊  ယင်းမာပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် သစ္စာစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၀)နှစ်ပြည့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၆ ရက်က ကျောက်မှော်ကျေးရွာအုပ်စု၊ ကျောက်မှော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

 

5

 

နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒု-လဝကမှူး ဒေါ်နီလာအောင်က သစ္စာစီမံချက်ဖြင့် ကျောင်းသားကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကိုင်ဆောင်နိုင်ရေးအတွက် ကျောင်းများကို ကွင်းဆင်းဆောင်ရွက်ပေးမှု အခြေအနေများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် ပါရှိရမည့်အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ် မိမိတို့လက်ဝယ်ရရှိလျှင် မပျောက်ပျက်အောင် ကိုင်ဆောင်ထိန်းသိမ်းရမည့် အချက်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အရေးပါပုံများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ဒု-လဝကမှူး ဒေါ်နီလာအောင်နှင့် ဝန်ထမ်းများက ကျောက်မှော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ၏ အထောက်အထား အချက်အလက်များကို ကျောင်းမှ ဆရာ၊ ဆရာများ၊ ဆင်တဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့၏ ကူညီပံ့ပိုးမှုဖြင့် စိစစ်၍ ကျောင်းသား၊ ကျောင်းသူ ၂၂၃ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းမာပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အသက်(၁၀)နှစ်ပြည့် ကျောင်းသား ကျောင်းသူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်ရရှိကိုင်ဆောင်နိုင်ရေး အလေးထား ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး အိမ်ထောင်စု ဇယားများကိုလည်း ဦးစားပေးဆောင်ရွက်မည့် ကျေးရွာ အုပ်စုများ သတ်မှတ်ပြီး ဆောင်ရွက်ပေးနိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ယင်းမာပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

 

သန်းဌေးအောင်(ကနီ)