သရက် ၆ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် အုန်းမွှန်းတောကျေးရွာအုပ်စု၊ ငါးဘတ်ကျေးရွာတွင် အမျိုးသား လျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း (NEP) ICB-3 တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးရရှိရေးကို အောက်တိုဘာလ ၄ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မဟာဓါတ်အားလိုင်းရောက်ရှိသည့်နေရာမှ ၁၀ မိုင်နှင့်အထက် ဝေးကွာသော ကျေးရွာများကို မဟာဓါတ်အားလိုင်ပြင် အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း(NEP Off-Grid)ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ငါးဘတ်ကျကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း(NEP) ICB-3 ဖြင့် ကျေးရွာရှိ (၇၀)အိမ်ကို တစ်အိမ်သုံး ၆၀ ဝပ်ဆိုလာ (၃၅)ယူနစ်၊ ၁၀ဝ ဝပ် ဆိုလာ (၃၅)ယူနစ်နှင့် အများပြည်သူပိုင် နေရာများဖြစ်သော အခြေခံပညာ အလယ်တန်းကျောင်းတစ်ကျောင်း၊ လမ်းမီးတိုင် ခုနစ်တိုင်၊ ဘာသာရေးအဆောက်အဦတစ်ခုတို့တွင် မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများက ကျေးရွာမီးလင်းရေး ကော်မတီဝင်များနှင့်အတူ ငါးဘတ်ကျကျေးရွာ၌ အမျိုးသား လျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်း(NEP) ICB-3 တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ဆိုလာနှင့် အင်ဗာတာများ တပ်ဆင်ပြီး မီးရရှိရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲရေး သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အသုံးပြုကြရေး ဆွေးနွေးမှာကြားသည်။

 

သရက်မြို့နယ်အတွင်း အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်း(NEP) ICB-3 ဖြင့် ငါးဘတ်ကျကျေးရွာ အပါအဝင်ကျေးရွာပေါင်း (၂၂)ရွာရှိ အိမ်ခြေ(၁၄၀၃)အိမ်ကို တစ်အိမ်သုံး ၆၀ ဝပ်ဆိုလာ(၆၈၁)ယူနစ်၊ ၁၀ဝ ဝပ်ဆိုလာ (၇၂၂)ယူနစ်နှင့်  အများပြည်သူပိုင်နေရာများဖြစ်သော လမ်းမီးတိုင်(၁၈၄)တိုင်၊ အခြေခံပညာမူလတန်း ကျောင်း(၁၃) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ငါးကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်း၊ ကျန်းမာရေး ဆေးပေးခန်းခြောက်ခု၊ ဘာသာရေးအဆောက်အဦ(၂၀)တို့တွင် မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းထံမှ သိရသည်။

 

သန်းလွင်(မကွေး)