ပုလဲ ၆ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ဗုဒ္ဓဝိဟာရသာသနာ့ဗိမာန်၌ အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီက ကမ္ဘာ့ဆရာမများနေ့ အထိမ်းအမှတ် အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အာစရိယဂုဏံ အဟံဝန္ဒာမိ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပုလဲမြို့နယ်၊ သေတ္တရာကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အုန်းနှင့် အလယ်တန်းပြဆရာမ ဒေါ်သီတာထွန်းတို့က “ မြတ်ဆရာ”သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဝင်းရွှေက ကမ္ဘာ့ဆရာမများနေ့အထိမ်းအမှတ် အသက် (၇၀)နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်များက ကန်တော့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့သည်။
ယင်းနောက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ(ကိုယ်စား) ဆရာကြီး ဦးချစ်အေး၊ ဆရာကြီး ဦးဗိုလ်နှင့် ဆရာကြီး ဦးမြင့်ဝင်းတို့က ဆုပေးစကားပြောကြားခဲ့ပြီး ဆရာကြီး ဦးရွှေစိုး(ရွှေနွယ်ရိုး)က ကမ္ဘာ့ဆရာမများနေ့ အထိမ်းအမှတ် အာစရိယပူဇာ ဂုဏ်ပြုကဗျာကို ရွတ်ဆို၍ ဝမ်းမြောက်ပီတိစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပုလဲမြို့နယ်ပညာရေးမိသားစုက အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးတစ်ဦးလျှင် ကန်တော့ပစ္စည်းနှင့် ငွေကျပ် ၇၅၀ဝ၀ နှုန်းဖြင့် ဆရာကြီး၊ ဆရာမကြီး (၃၆)ဦးအား ပူဇော်ကန်တော့ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)


