မင်းဘူး ၆ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မင်းဘူးခရိုင်အတွင်း ကျေးရွာ(၂၀)ရွာတွင် ကျေးလက်ဒေသ မီးရရှိရေး တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလင်းရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဟာ ဓါတ်အားလိုင်းနဲ့ (၁၀)မိုင်အထက် ဝေးကွာပြီး နောင်(၁၀)နှစ် (သို့) (၁၅)နှစ်အတွင်း မဟာဓါတ်အားလိုင်းမှ မီးမရနိုင်သော ကျေးရွာများကို တစ်အိမ်သုံး ဆိုလာစနစ်နှင့် အသေးစား ဓါတ်အားလိုင်းစနစ်(၂)မျိုးနဲ့ ကျေးလက်ဒေသမီးရရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်မှ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး မဟာ ဓါတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်မီးရရှိရေးအတွက် အမျိုးသားလျှပ်စစ်မီးရရှိရေး (NEP) စီမံကိန်းအား မျှော်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ မဟာဓါတ်အားလိုင်း မရောက်ရှိခင် အချိန်အတောအတွင်း ကျေးလက်နေပြည်သူများအနေဖြင့် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် အကြိုမီးရရှိအောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ တစ်အိမ်သုံးဆိုလာစနစ်တွင် ၆၀ ဝပ်ကို (၅၀ဝ၀ဝ)ကျပ်၊ ၁၀ဝ ဝပ်ကို (၁၅၀ဝ၀ဝ) ကျပ်အား ပြည်သူ့ထည့်ဝင်ငွေအဖြစ် ထည့်ဝင်ရခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့မှ အချိုးကျငွေထည့်ဝင်ရသည်ဖြစ်၍ ပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုစေရန် ရည်ရွယ်ပြီး ထည့်ဝင်စေရာဖြစ်ကြောင်း၊ ကျေးရွာရှိအိမ်ခြေရဲ့ (၃၀)ရာခိုင်နှုန်းအထက် ဆိုလာစနစ်ဆောင်ရွက်မည့် ကျေးရွာတွင် အများပြည်သူပိုင် နေရာများဖြစ်သော လမ်းမီးတိုင်၊ စာသင်ကျောင်း၊ ကျေးလက်ဆေးပေးခန်းများနှင့် ဘာသာရေး အဆောက်အဦများအား စီမံကိန်းမှ အခမဲ့ တပ်ဆင်ပေးသွားမှာဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောပြ၍ သိရသည်။
အဆိုပါ တစ်အိမ်သုံးဆိုလာစနစ်ကို မင်းဘူးခရိုင်အတွင်းရှိ မင်းဘူးမြို့နယ်မှ ဝက်မြေကန် ကျေးရွာတွင်လည်းကောင်း၊ စလင်းမြို့နယ်မှ သနပ်ကုန်းကျေးရွာ၊ ပေါက်ကုန်းကျေးရွာ၊ ငလှိုင်တွင်းရွာသစ်ကျေးရွာ၊ ကင်မွန်းခြုံကျေးရွာ၊ ကျောက်ရဲကျွန်းကျေးရွာနှင့် သူဌေးကုန်း ကျေးရွာတို့တွင် လည်းကောင်း၊ ငဖဲမြို့နယ်မှ မရိုးကန်ကျေးရွာ၊ မာန်အောင်ကျေးရွာ၊ ကံရွာကျေးရွာ၊ ညောင်ကိုင်းကြီးကျေးရွာ၊ စည်သာကျေးရွာ၊ ဆူးပဒေါင်းကျေးရွာနှင့် ကံပေါက်ကျေးရွာတို့တွင် လည်းကောင်း၊ စေတုတ္တရာမြို့နယ်မှ လုံးကြီးအနောက်ကျေးရွာ၊ အပေါကျေးရွာ၊ ဒိုင်းကျေးရွာ၊ နန်ကြူကျေးရွာ၊ ညောင်ပင်ကျင်းကျေးရွာနှင့် ပေါင်ချောင်ကျေးရွာ အသီးသီးတို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်အတွင်း တပ်ဆင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါတွင် မင်းဘူးမြို့နယ်မှ ဝက်မြေကန်ကျေးရွာနှင့် စေတုတ္တရာမြို့နယ်မှ လုံးကြီးအနောက် ကျေးရွာများတွင် တပ်ဆင်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ အဆိုပါဆိုလာစနစ်အား တပ်ဆင်ပြီးပါက မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာ(၂၀)ရွာမှ အိမ်ခြေ(၁၁၄၈)အိမ်နှင့် အများပြည်သူပိုင် နေရာများဖြစ်သော လမ်းမီးများ၊ စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများနှင့် ဘာသာရေး အဆောက်အဦများအား မီးရရှိတော့မှာဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်


