မြိတ်  ၆ အောက်တိုဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာဗိမာန် ခန်းမ၌  ၂၀၁၉ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

 

 “မင်္ဂလာရှိတဲ့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားမှာ ယနေ့တာဝန်ယူ ဆောင်ရွက်နေကြတဲ့ ဆရာ/မများက မိမိနိုင်ငံအပေါ်မှာ တာဝန်သိသိ သစ္စာရှိရှိ တာဝန် ထမ်းဆောင်ရင်း ဆရာ့ဘဝ၊ ဆရာ့သိက္ခာကို  ထိန်းသိမ်းကာ ကျောင်းသား/ကျောင်းသူ လူငယ်အပေါင်းကို နိုင်ငံ့သားကောင်း အသိပညာရှင်၊ အတတ်ပညာရှင် လူသား အရင်းအမြစ်များပေါ် ထွက်လာအောင် စေတနာ၊ဝါသနာ အရင်းခံပြီး ကြိုးပမ်းအားထုတ် သင်ကြားပို့ချပေးကြပါ ဟု အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က တိုက်တွန်း စကားပြောကြားသည်။

 

အခမ်းအနားကို အ.ထ.က(၅) ကျောင်းသား/ကျောင်းသူများက လောကမီးအိမ်သီချင်း သီဆိုဂုဏ်ပြု၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားသည်။

 

ထို့နောက် မြို့နယ်အဆင့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.ထ.က(၃) ကျောင်းသား/ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)