ပုလဲ ၆ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နှင့် ၂၈ မိုင်ကွာဝေးသော ပုံတောင်ဒေသရှိ အိုင်းမ- ကျော်တော- မယင်း- ဘန့်ဘွေး- သက္ကယ်ကျင်း- ရေသာ- စစ်ရင်လမ်းပိုင်းရှိ ကျေးရွာ(၁၄)ရွာ အကျိုးပြုမည့် အရှည်ပေ ၄၀ဝ ရှိသည့် ဂျင်ရှုပ်ကုန်းအတက်အား ဆရာတော်များ၏ ဦးဆောင်မှုဖြင့် ကွန်ကရစ်လမ်းခင်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သက္ကယ်ကျင်း(အထက်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကိုဖွင့်လှစ်ခဲ့ပြီး လမ်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဘန့်ဘွေးဆရာတော် ဘဒ္ဒန္တပါကဋက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို မိန့်ကြားခဲ့ပြီး လမ်းဖြစ်မြောက်ရေး ဒုတိယဥက္ကဋ္ဌ ကျော်တောဆရာတော် ဘဒ္ဒန္တဝိစိတ္တနှင့် အတွင်းရေးမှူး ဇိတ္တောင့်ဆရာတော် ဘဒ္ဒန္တဓမ္မပါလတို့က ဒေသဖွံ့ဖြိုရေးအတွက် ဆရာ၊ ဒကာညီညွှတ်စွာဖြင့် လက်တွဲညီညီ ဆောင်ရွက်ကြရန်နှင့် လမ်းအား ရေရှည်ကောင်းမွန် ခိုင်ခန့်အောင် စေတနာထား ဆောင်ရွက်ကြရန်လိုကြောင်း မိန့်ကြားခဲ့သည်။
ဆက်လက်၍ လမ်းဖြစ်မြောက်ရေးကော်မတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ သက္ကယ်ကျင်း (အထက်) ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တက ကွန်ကရစ်လမ်းခင်းခြင်းနှင့် ပတ်သက်၍ ခန့်မှန်းတွက်ချက် ထားရှိမှုကို ရှင်းလင်းမိန့်ကြားခဲ့သည်။
ထို့နောက် မယင်းဆရာတော် ဘဒ္ဒန္တစန္ဒောဘသက ပုံတောင်ဒေသရှိ ဆရာတော်များနှင့် ဒေသခံ ကားသမားများ၊ ပြည်သူများမှ ထည့်ဝင်လှူဒါန်းငွေကျပ် ၂၃၈၀ဝ၀ဝ၊ သဲကျင်း ၈ ကျင်း၊ ကျောက်သေး ၁၃ ကျင်းကို အလှူခံရရှိခဲ့ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှလည်း ဘိလပ်မြေအိတ် ၂၀ဝ လှူဒါန်းမည် ဖြစ်ကြောင်းဖြင့် အလှူရှင်စာရင်းကို ဖတ်ကြားခဲ့ပြီး အစည်းအဝေးကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


