ပုလဲ ၆ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကမ္ဘာ့ဘဏ်ချေးငွေဖြင့်    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစီမံကိန်း (Agriclture Development Support Project) အစီအစဉ်ဖြင့် ရိတ်သိမ်းချိန်လွန် နည်းပညာပေးသင်တန်းကို အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းက အမှာစကားပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက “လယ်ယာကဏ္ဍ စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစီမံကိန်း (ADSP) အစီအစဉ်အရ မြို့နယ်အတွင်းရှိ တောင်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန်ကာလများမှာ စနစ်တကျ သိမ်းဆည်းနိုင်ရေး၊ လေလွင့်ဆုံးရှုံးမှု နည်းပါးစေရေး၊ သီးနှံထုတ်လုပ်မှု အပိုင်းမှာသာမက သီးနှံသိုလှောင်မှုအပိုင်းမှာလည်း စနစ်တကျ သိုလှောင်နိုင်စေရန်နှင့် တောင်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို သိရှိနိုင်စေရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာပေးသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါတယ်။ ယခုသင်တန်းမှာ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ(ရေဆင်း)၊ နေပြည်တော်မှ ဦးစီးအရာရှိ   ဒေါက်တာအိအိခိုင်က စပါး၊ နှမ်း၊ ဟင်းသီးဟင်းရွက်များ ရိတ်သိမ်းချိန်လွန် နည်းပညာများကို လည်းကောင်း၊    မြေအသုံးချရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါက်တာစန်းလှထွေးက မြေဆီသြဇာထက်သန်စေရန် ဆောင်ရွက်ရမည့် နည်းလမ်းများကို လည်းကောင်း ဆွေးနွေးပို့ချမှာဖြစ်ပါတယ်ဟု ရှင်းလင်းပြောကြားခဲ့သည်။

 

8

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက ရိတ်သိမ်းချိန်လွန် နည်းပညာပေးသင်တန်းသို့ တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများအား လယ်ယာမှတ်တမ်း စာအုပ်များ၊ ဆန်စပါး  အရည်အသွေး   ထိန်းသိမ်းခြင်းနှင့်  သိုလှောင်သီးနှံ ဖျက်ပိုးများအား ကာကွယ်နှိမ်နင်း စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့သည်။

 

အဆိုပါ ရိတ်သိမ်းချိန်လွန် နည်းပညာပေးသင်တန်းသို့ ပုလဲမြို့နယ်အတွင်းရှိ တောင်သူ ၁၀ဝ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)