ဘားအံ ၆ အောက်တိုဘာ
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လျှပ်စစ်နှင့်စက်မှု ဝန်ကြီးဦးစိုးလှိုင်၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါ၍ အောက်တိုဘာ ၆ ရက် နံနက် ၈ နာရီခွဲက ဘားအံမြို့နယ်၊ သံလွင်မြစ် အနောက်ဘက်ခြမ်း တွင်ရှိသော မိကရင်ကျေးရွာအုပ်စုအတွင်း ကျေးရွာများ လိုအပ်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးများ နောက်မကျစေရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအတွက် သွားရောက်ခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးစွာ မိကရင်ကျေးရွာအုပ်စု၊ ကြာအင်းပေါ်တော်မူကျောင်း ဆရာတော်အား ဝင်ရောက်ဖူးမြော်ပြီး သင်္ကန်း၊ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ မိကရင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်ပြီး သင်္ကန်း၊ ဆန်၊ ဆီ၊ လှူဖွယ် ပစ္စည်းများကို လည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ မိကရင်ကျေးရွာအုပ်စုအတွင်းရှိ တိုင်းရင်းသား ပြည်သူများနှင့် မိကရင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် တွေ့ဆုံရာတွင် ငြိမ်းချမ်းလာခဲ့ပြီး ဒေသအတွင်း ဖွံ့ဖြိုးစေရေးအတွက် လမ်းပန်းဆက်သွယ်ရေး အစရှိသည့် ပညာရေး၊ ကျန်းမာရေး၊ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းအတွက် အသက်မွေးပညာများကို သင်ကြားပေးနိုင်ရေး ဆောင်ရွက်ပေးနေလျက် ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအတွက် ထောက်ပံ့နေမှုများအတွက် ကလေးငယ်များ၏ ကာယဉာဏဖွံ့ဖြိုးရေးအတွက် အကြိုးရှိစွာ အသုံးချစေလိုကြောင်းနှင့် မိမိတို့ဒေသအတွင်း ဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တောင်းဆိုပြောကြားပေးဖို့နဲ့ တောင်းဆိုမှုအပေါ် အရင်ဆုံး ဆောင်ရွက်ပေးနိုင်မည့် အချက်များကို ညှိနှိုင်းပေါင်းစပ်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများက ကျေးရွားချင်းဆက် လမ်းနှင့် တံတားများ ပြင်ဆင်ပေးနိုင်ရေးနှင့် ပညာရေးတွင် ကျောင်းသားဦးရေ များလာသည်နှင့်အမျှ ကျောင်းဆောင်သစ် ဆောင်ရွက်ပေးနိုင်ရေးနှင့် ဒေသခံကျောင်းစာရေး ခန့်ထားပေးနိုင်ရေး၊ မူကြိုကျောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဆောင်ရွက်နိုင်ရေး စသည်တို့ကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများ၊ ဒေသခံတာဝန်ရှိသူများနှင့် လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


