ကန့်ဘလူ ၆ အောက်တိုဘာ 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဓမ္မာရုံ၌ အာစရိယပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ပထမအကြိမ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို အောက်တိုဘာ ၆ ရက်မွန်းလွဲ ၂ နာရီက ကျင်းပရာအတန်းစဉ်(နှစ်အလိုက်)လိုက်မှ ကျောင်းသားကျောင်းသူဟောင်းများ တက်ရောက်ကြကြောင်း သိရသည်။


အဆိုပါ အာစရိယပူဇော်ပွဲ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ကျောင်းသားဟောင်းများက မိမိတို့သည်အသက်အရွယ်ရလာပြီဖြစ်၍ ငယ်ရွယ်သူကျောင်းသားဟောင်းများက ဆက်လက်တာဝန်ယူဆောင်ရွက်ကြစေလိုကြောင်း၊ အာစရိယပူဇော်ပွဲ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း၊ လက်ရှိရန်ပုံငွေနှင့်သုံစွဲပြီးငွေကြေးများကို ရှင်းလင်းပြောကြားကြသည်။


ထို့နောက် တက်ရောက်လာသူ ကျောင်းသားဟောင်းများက ကြိုဆိုရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဗွီဒီယိုရိုက်ကူးရေး၊ပြက္ခဒိန်ထုတ်ဝေရေး၊ အပူဇော်ခံဆရာကြီး ဆရာမကြီးများအတွက် ထွက်စုအင်္ကျီများပေးနိုင်ရေး၊ ဧည့်ခံတီးဝိုင်းဖြစ်မြောက်ရေး၊ သေဆုံးပြီးဆရာကြီး ဆရာမကြီးများအတွက် လွန်းတရားနာခြင်းများပြုလုပ်ရေး၊ ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယခုလ ၂၇ ရက် နေ့တွင်ပြုလုပ်နိုင်ရေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အာစရိယပူဇော်ပွဲ နှစ်အလိုက်ကျောင်းသားကျောင်းသူဟောင်းများ စုပေါင်း၍ နှစ်နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် အဋ္ဌမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း(ပြန်/ဆက်)