သထုံ   ၆   အောက်တိုဘာ   

မွန်ပြည်နယ်၊ သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာရုံးတို့ ပူးပေါင်း၍ လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မွေးစာရင်း ပြုလုပ်ပုံ အဆင့်ဆင့် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်  ၁၀ နာရီအချိန်က သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ်တို့က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူး ဦးဝင်းကိုစိုးက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သင်းသင်းအိက မွေးစာရင်းနှင့် သေစာရင်းဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူတို့က သိလိုသည်တို့အား မေးမြန်းကြပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဦးဆောင်ဆွေးနွေးသူတို့က ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် သထုံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာတို့မှ စိတ်ပါဝင်စားသည့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သက်ဦး(သထုံ)